မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အသတ်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အလောင်းလာသယ်သည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိကြောင်း တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
ယနေ့(ဒီဇင်ဘာ ၂၀ရက်) နံနက် ၇နာရီ ၄၅မိနစ်ခန့်က မြွေတလိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို ပစ်ခတ်ခဲ့ကြောင်း တောကြီးမြွေပွေး ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အုပ်ချုပ်ရေးမှူးဦးသန့်ဇင် အလောင်းအား လာသယ်သည့် စစ်ကောင်စီတပ်ယာဉ်ကို ထပ်မံမိုင်းဆွဲဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်မှာ ရှေ့ဆက်မသွားနိုင်၍ ဖောကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် အဆိုပါ ယာဉ်ပေါ်မှဆင်းကာ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာလေးဦး သေဆုံးခဲ့ကြောင်း ဗိုလ်တီက ပြောသည်။
ထိခိုက်မှုအခြေအနေ အတိကျမသိရသေးဟုဆိုသည်။
“မနက်၇ နာရီမှာ အုပ်ချုပ်ရေးမှူးကိုရှင်းတယ်။ သူ့အလောင်းကိုကားတစ်စီးနဲ့လာတင်ခိုင်းတယ်။ လာတင်တဲ့ကားကို မနက် ၉ နာရီလောက်မှာ မြွေတလိုင်းရွာအရှေ့ဘက်မှာ မိုင်းဆွဲလိုက်တယ်။ ကားကဆက်သွားမရတော့ဘူး။ အဲဒါကြောင့် မတ္တရာကနေ ဖောကားနှစ်စီးနဲ့ ထပ်လာပြီး ခြေလျင်စစ်ကြောင်းထိုးတယ်။အဲဒါကိုမိုင်းထပ်ဆွဲတယ်။ လေးဦးသေတယ်။”ဟု ဗိုလ်တီက ပြော သည်။
မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။
