ဒလပန်း/People’s Spring
အုံးခနဲပေါက်ကွဲသံနဲ့အတူသဲအိတ်တွေဟာလွှင့်စင်သွားကြပါတယ်။သဲအိတ်အထပ်ထပ်စီတန်းထားတဲ့ ဘန်ကာဟာ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကြားမှာပဲ တစစီပျောက်ဆုံးသွားခဲ့တယ်။
ဒါဟာစစ်ပွဲရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတစ်ခု မဟုတ်သလို အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတဲ့တိုက်ပွဲလည်း မဟုတ်ပါဘူး။ဆန္ဒပြပြည်သူတွေလုံခြုံရေးအတွက် ကာရံထားတဲ့ သဲအိတ်ဘန်ကာတွေကို စစ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။

၂၀၂၁ဧပြီ ၉ ရက်မှာ ပဲခူးမြို့က ဆန္ဒပြပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ဖြစ်စဥ်လည်းဖြစ်ပါတယ်။အဲ့ဒီမြင်ကွင်းကို ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးလည်းဖြစ်ပဲခူးပင်မသပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦးလည်းဖြစ်တဲ့ ကိုမျိုးကိုက ၅ နှစ်ကြာခဲ့ပေမယ့် ဒီဖြစ်ရပ်ဆိုးကို ဒီနေ့တိုင် အမှတ်ရနေဆဲဖြစ်ပါတယ်။

Public Service Announcement
ဧပြီ ၉ ရက် တစ်ရက်တည်းမှာပဲစစ်တပ်ကတိုက်ပွဲဝင်လက်နက်တွေအသုံးပြုပြီး အကြမ်းဖက်သတ်ဖြတ် ဖြိုခွင်းမှုတွေကြောင့် ပဲခူး ပြည်သူ ၈၀ နီးပါးသေဆုံးခဲ့ရပြီး သွေးမြေကျခဲ့ရပါတယ်။
သွေးမြေကျခဲ့ရတာ ငါးနှစ်ရှိခဲ့ပေမယ့် ကျဆုံးခဲ့ရတဲ့သူတွေအတွက် တရားမျှတမှု ပျောက်ဆုံးနေသလို ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာလည်း လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်တိုက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၆ ၊ ဧပြီ ၇ ရက်ထိ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့်သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၇၉၆၆ ဦးရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ကကောက်ယူထားတဲ့ ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။

●ပဲခူးမြို့ကလူထုသပိတ်
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မဲမသမာမှု စွပ်စွဲချက်နဲ့ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ခေါင်းဆောင်တွေ ၊ရွေးေကောက်ခံအရပ်သားခေါင်းဆောင်တွေကို စစ်တပ်ကလက်နက်အားကိုးနဲ့ ဖမ်းဆီးပြီး တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူခဲ့ပါတယ်။
လက်နက်နဲ့အနိုင်ကျင့်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ထဲ ပဲခူးတိုင်းက ပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံတဲ့ ပဲခူးက ဆန္ဒပြလူငယ်တွေဟာ လှုံ့ဆော်မှု တစ်ခုနဲ့စတင်ခဲ့ပါတယ်။
“ ပထမဦးဆုံးအနေနဲ့ အာဏာသိမ်းမှုကို လက်မခံကြောင်း လှုံ့ဆော်တဲ့အနေနဲ့ ပဲခူး ဘုရားလမ်းထိပ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ နှင်းဆီပန်းလာချပြီးတော့မှာ ပြည်သူတွေရဲ့ စည်းရုံးမှုကို အရင် စပြတာမျိုးကို ရအောင်လုပ်ဆောင်ခဲ့တယ်။ အဲ့ကနေစပြီးတော့မှ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြည်သူအားလုံးပါဝင်တဲ့ လူထုသပိတ်ကြီးပေါ်လာရေးကို ကျွန်တော်တို့စပြီးအစီစဥ်ဆွဲပြီး စလုပ်ကြတာပေါ့ “ လို့ ပဲခူးပင်မသပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမျိုးကိုကပြောပါတယ်။
အဲ့ဒီနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးမြို့က လူထုသပိတ်တွေဟာ တစ်ရက်ထက်တစ်ရက်ပိုမိုအားကောင်းလာခဲ့ပါတယ်။နေ့ဘက်တွေသာမက ညအချိန်တွေအထိ ညသပိတ်တွေပါ ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
●အကြိမ်ကြိမ်ဖြိုခွင်းခံခဲ့ရတဲ့လူထုသပိတ်
ပဲခူးမြို့ပေါ်မှာ ဖေဖော်ဝါရီ ၈ ရက်ကစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေကို နေ့စဥ် နေ့စဉ်ပုံသဏ္ဍာန် အမျိုးမျိူးနဲ့ ပြုလုပ်ခဲ့ကြပါတယ်။အားကောင်းလာတဲ့ ပဲခူးမြို့က လူထုသပိတ်ကို စစ်တပ်ကလည်း ဆက်တိုက် ဖြိုခွင်းခဲ့ပါတယ်။
၂၀၂၁၊ မတ်လ ၁၁ ရက် ပဲခူးမြို့ မဇင်းရပ်ကွက် ၁ လမ်းသပိတ်ကို ရဲကပစ်ခတ်ဖြိုခွင်းလို့ ပြည်သူ ၁ ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါအပြင် မတ်လ ၁၄ ရက်မှာလည်း ပဲခူးမြို့ ပုဏ္ဏစု ၁၀လမ်းထိပ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ ၂၇ ရက် ဖက်ဆစ်ဆန့်ကျင်ရေးနေ့မှာလည်း ဆန္ဒပြပြည်သူတွအပေါ် ဖြိုခွင်းမှုတွေဟာ ပြင်းထန်လာခဲ့ပါတယ်။
ကိုမျိုးကိုက “ မတ်လ ၂၇ ရက်မှာဆိုလည်း ပဲခူးမှာ နာမည်ကြီးဖြစ်ခဲ့တာ ကျခဲ့တဲ့ ပြည်သူတွေရှိတယ် ။တောက်လျှောက်ဖြိုခွင်းခံရတာရှိတယ်။ အဲ့နေ့မှာဆိုရင် ကျွန်တော်ကိုယ်တိုင် သေနတ်နဲ့ ပစ်ခံရတယ် “ လို့ပြောပါတယ်။
ပစ်ခတ်ဖြိုခွင်တာတွေအပြင် ဆန္ဒပြပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပြုလုပ်ထားတဲ့ ဘန်ကာတွေကို ရဲနဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ကားတွေနဲ့ ဝင်တိုးဖျက်စီးတာတွေလုပ်ခဲ့ပါတယ်။ဒီလိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမယ့် ပြည်သူတွေကတော့ စစ်တပ်နဲ့ ရဲဝင်လို့မရအောင်ဘန်ကာတွေကို ပြန်လုပ်ခဲ့ပြီး ဆန္ဒပြမှုတွေ ရပ်တန့်မသွားဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဒီလိုကြိုးပမ်းနေတဲ့ကြားမှာပဲ ဧပြီလ ၉ ရက်မှာတော့ မျှော်လင့်မထားတဲ့ ပုံစံမျိုးနဲ့ ဖြိုခွင်းခံခဲ့ရပါတယ်။
ဧပြီလ ၉ ရက်မနက်အစောပိုင်းအချိန်မှာ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ မဂ္ဂတစ်လမ်းမကြီးအတိုင်းဝင်ရောက်လာပြီး ဘန်ကာတွေကို လက်နက်ကြီးနဲ့ ပစ််ရှင်းတာတွေကို အရင်လုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒီလိုရှင်းလင်းပြီးနောက် မဂ္ဂတစ်လမ်းမကြီးတစ်လျှောက် စစ်တပ်မှာ နမည်ဆိုးနဲ့ကျော်ကြားတဲ့တပ်မ ၇၇ လက်မောင်းတံတိပ်တပ်စစ်သားတွေက သေနတ်ပစ်ခတ်ပြီး ဖြိုခွင်းဝင်ရောက်ခဲ့ပါတယ်။
အဲ့ဒီလိုဝင်ရောက်ချိန်မှာပဲ မဂ္ဂတစ်လမ်းမကြီးရဲ့ နောက်ဆုံးပိတ် မြို့ဦးကင်းလမ်းဘက်ကနေလည်း စစ်တပ်တပ်ဖွဲ့ဝင်တချို့ဝင်လာပြီးထိပ်ပိတ်၊နောက်ပိတ်ပိတ် ပုံစံမျိုးနဲ့လမ်းမကိုပိတ်ချလိုက်ပါတယ်။
အဲ့ဒီလို တစ်ပြိုင်နက် ရှေ့နောက်ပစ်ခတ်မှုတွေလုပ်ဆောင်လာပြီးနောက် စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ပုဏ္ဏားစု၊ ဆိုရှယ်လစ်၊ ဥဿာ နဲ့ အင်းဝင် ရပ်ကွက်တွေဘက်ကို ဆက်လက်ဖြိုခွင်းခဲ့ပါတယ်။
အရင်ရက်တွေနဲ့ ပုံစံမတူဘဲ ထင်မှတ််မထားတဲ့ ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပြည်သူ ၈၀ နီးပါးဟာ ဧပြီ ၉ ရက် တစ်ရက်တည်းမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။
●စစ်ဆင်ရေးတစ်ခုလို လက်နက်မဲ့ဆန္ဒပြပြည်သူတွေကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်
ပြည်သူတွေ သေဆုံးမှုများပြားခဲ့တာဟာ အရင်ရက်တွေနဲ့ ပုံစံမတူဘဲ ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတစ်ခုလို စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့်လို့ သပိတ်မှာပါဝင်ခဲ့တဲ့သူတွေက ပြောပါတယ်။
ပဲခူးမြို့က လူထုသပိတ်ကို စစ်တပ်က ဖြိုခွင်းတာတွေကို ဆက်တိုက်လုပ်ခဲ့ရာမှာပုံစံ လေးမျိုးနဲ့ လုပ်ဆောင်ခဲ့တာပါ။
ပထမ တစ်ခုကတော့ မျက်ရည်ယိုဗုံးတွေကို ဆန္ဒပြလူအုပ်ထဲပစ်ထည့်တာ။ အဲ့ဒီနောက် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒုတိယ တစ်ခုကတော့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ အော်ဟစ်ပြီး ဆန္ဒပြလူအုပ်ကို ကျည်နဲ့ပစ်ခတ်ပြီး ပစ်ခွဲ ခွဲခဲ့တဲ့ ဖြိုခွင်းနည်းကို အသုံးပြုခဲ့တာပါ။
တတိယတစ်ခုကတော့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်ပြုလုပ်ခဲ့တဲ့ ဖြိုခွင်းနည်းတစ်ခုပါ။ အရင်လို ရဲအုပ်ကြီးက လူထုသပိတ်ကိုဖြိုခွင်းဖို့တန်းစီပြီးတော့မှ အင်နဲ့အားနဲ့ဝင်ပြီး ပစ်တာမဟုတ်ဘဲ ပတ်ချာလည်ကနေ ပစ်ခတ်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ ကိုမျိုးကိုရှင်းပြပါတယ်။
“ အရိပ်ယောင်လည်းမတွေ့ရဘူး။ သေနတ်ကိုလည်း ဘယ်ကနေ ပစ်နေမှန်းကို မသိဘူး။ ကျွန်တော်တို့က သဲအိတ်တွေနဲ့ကွယ်ပြီးနေနေတယ်။ သဲအိတ်တွေကို ကျည်ဆန်မှန်တယ်ပြီးတော့ ဘေးနာက ဓာတ်မီးတိုင်တွေကို ကျည်ဆန်မှန်တယ် မှန်ပြီးတော့မှ အဲ့ကျည်ဆန်တွေက ကျွန်တော်တို့ရှေ့ကို ကျတယ် “ လို့ ပြောပါတယ်။
ဧပြီလ ၉ ရက်မှာတော့ ရှေ့ရက်ဖြိုခွင်မှုတွေနဲ့ မတူဘဲ စစ်တပ်က စစ်ဆင်ရေးတစ်ခုလို ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းခဲ့တာပါ။
ရှေ့ရက်ဖြိုခွင်းမှုတွေမှာ ရဲဝတ်စုံတွေသာမြင်တွေ့ရပေမယ့် အဲ့ဒီနေ့မှာ တပ်မ ၇၇ ဘတ်တံဆပ်တပ် ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်ပါဝင်လာပြီလို့ သပိတ်မှာပါဝင်ခဲ့တဲ့ သူတွေရှိဆီက သိရပါတယ်။
စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအရ ကာရံထားတဲ့ ဘန်ကာတွေကို အီနာကာလို လက်နက်ကြီးမျိုးနဲ့ ပစ်ခဲ့ပါတယ်။သဲအိတ်ဘန်ကာတွေကို ပေါက်ကွဲအားနဲ့ ဖြိုခဲ့တာလည်းဖြစ်ပါတယ်။
အဲ့ဒီလိုဖြိုပြီးတဲ့နောက် လက်နက်ငယ်နဲ့ဝင်ပစ်ပြီးတော့ လူအုပ်ကို အဲ့ဒီနည်းလမ်းနဲ့ အသေဖမ်းဆီး လူအုပ်ခွဲခဲ့တာမျိုးလည်းဖြစ်ပါတယ်။
ဒါအပြင် လမ်းတစ်လျှောက်မှာ တွေ့ရှိတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်ခဲ့ပါတယ်။
“ ဘန်ကာတွေကို ဖြိုတယ် ပြီးတဲ့ အခါဆန္ဒပြနေတဲ့ သူတွေကို ပစ်တယ် အိမ်ထဲမှာဝင်ပုန်းနေတဲ့ သူတွေကို ဒူးထောက်ခိုင်းတယ် သေနတ်ဒင်တွေနဲ့ ရိုက်တယ် လမ်းမပေါ်မှာ ဒူးထောက်ခိုင်းတယ် စစ်ဖိနပ်တွေနဲ့ ကန်တယ် “ လို့ ကိုမျိုးကို ကဆိုပါတယ်။
အဲ့ဒီနောက်စစ်တပ်ကထိခိုက်ခဲ့တဲ့သူတွေကို ဆေးကုသမှုမပေးခဲ့သလို သေဆုံးခဲ့သူတွေကို ရှင်စောပု ဘုရားဝန်းထဲမှာ အကုန်ပုံထားခဲ့တာလည်းဖြစ်ပါတယ်။
အဲ့ဒီနောက် ရင်ခွဲရုံကိုပို့ပြီး ဆင်ဖြူကွင်း သုဿန်ကို သဂြိုလ်ဖို့ရောက်မှ သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့ကို စစ်တပ်က အကြောင်းကြားအသိပေးတာ ပြုလုပ်ခဲ့တာပါ။
အဲ့ဒီလို အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီးနောက် ပဲခူးက ပြည်သူတွေဟာ တော်လှန်ရေးရဲ့ နောက်တဆင့်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးဘက်ကို ကူးပြောင်းခဲ့ကြပါတယ်။
ကိုမျိုးကို အပါအဝင် လူငယ်တွေဟာ ပဲခူးမြို့ကို စွန့်ခွာပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ဝင်ရောက်ခဲ့ကြပါတယ်။
ပဲခူးသပိတ်ဖြိုခွင်းခံရမှု ငါးနှစ်တိုင်ချိန်ထိ ကျဆုံးခဲ့ရတဲ့သူတွေ လိုလားတောင်းတနေတဲ့အရာတွေရရှိဖို့ ကျန်နေခဲ့တဲ့သူတွေက ယုံကြည်ချက်ကို ကိုင်ဆွဲပြီး ယနေ့တိုင် တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ တော်လှန်ရေးနေရာ အများစုမှာ ပဲခူးသားတော်လှန်ရေးသမားတွေရှိနေတယ်လို့ ကိုပဲခူးပင်မသပိတ်ခေါင်းဆောင်က ဆိုပါတယ် ။
“ ဒီဖြစ်စဥ်က စစ်အာဏာရှင်ကို ပိုပြီးတော်လှန်ချင်တဲ့စိတ်ကို မွေးထုတ်ပေးလိုက်တာဖြစ်တယ်။ ပိုပြီးတော့ ခိုင်မာသွားအောင် ဒီဖြစ်ရပ်က အုတ်မြစ်ချပေးလိုက်တယ်ပြောလို့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေပြောင်းကြတဲ့အချိန်မှာ အကုန်လုံးပါဝင်ကြတယ်။ ဒါ ဧပြီ ၉ ရဲ့ ဖြစ်စဥ်အပေါ်မှာ ပေးဆပ်သွားတဲ့သူတွေ အချည်းအနှီးမဖြစ်ရေးအတွက်ကို ကျန်တဲ့သူတွေက ဆက်လက် တိုက်ပွဲဝင်ကြတာ ” ။ ။




















































