စစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့်သတ်မှတ်ပြီးငါးလအကြာတွင် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ အဖြစ် ယနေ့ပြောင်းလဲသတ်မှတ်လိုက်ပြန်သည်။
ပြင်ပငွေလဲလှယ်ရေးဈေးကွက်တွင်တစ်ဒေါ်လာ ၂၆၅၀ ကျပ်ရှိနေချိန်တွင်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က သြဂုတ် ၅ ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဟု ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်။ ထိုသတ်မှတ်ချက်အတိုင်းမလိုက်နာပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရအရေးယူမည်ဟုလည်းခြိမ်းခြောက်ထားသည်။
ထိုအပြင်ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများထဲမှ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေအဖြစ်မဖြရ်မနေပြောင်းလဲရမည်ဖြစ်ပြီးကျန် ၃၅ ရာခိုင်နှုန်းကို လက်ဝယ်ထားရှိနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။ ၂၀၂၂ ဧပြီ ၃ ရက်ကမူ ပို့ကုန်ရငွေအားလုံးအပါအဝင် ဒေါ်လာရရှိသောလုပ်ငန်း၊ဝန်ဆောင်မှုအားလုံးကို တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ကျပ်ဖြင့် စစ်ကောင်စီသတ်မှတ်ထားသောဘဏ်များ တွင် ၂၄ နာရီအတွင်းမဖြစ်မနေလဲလှယ်ရမည်ဟုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သတ်မှတ်ခဲ့သော်လည်းပြင်ပငွေလဲလှယ်ရေးဈေးကွက်တွင် ၁ ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်မြင့်တက်ခဲ့သည်။
“သူတို့စီ ဒေါ်လာလို့အပ်ချက်ကို ရမလားဆိုပြီးပြန်လည်ဖြေလျော့ပေးတဲ့ သဘောပါ။သူတို့ကကျပ်ငွေတွေလည်း ထပ်ရိုက်မယ်လို့ သတင်းတွေလည်း ကြားနေရတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှတင်းကျပ်ထားရာမှ အနည်းငယ်ဖြေလျော့ပေးသည်ဟုဆိုသော်လည်း စီးပွားရေးလည်ပတ်နိုင်သည့် ပုံစံမဟုတ်သောကြောင့် စစ်ကောင်စီမျှော်မှန်းထားသလို အခြေအနေဖြစ်လာနိုင်စရာမရှိကြောင်းလည်းအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။
လက်ရှိတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်ကို ၂၆၅၀ကျပ်ဖြင့် အများဆုံးရောင်းဝယ်ဖြစ်နေပြီး တချို့နေရာများတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိဈေးမြင့်တက်လျှက်ရှိသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။
ယခုသတ်မှတ်ချက်များကြောင့် ဒေါ်လာဈေးဆက်လက်မြင့်တက်နိုင်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။
(စစ်ကောင်စီအာဏာသိမ်းထားသော တစ်နှစ်ခွဲကာလအတွင်းဒေါ်လာနှင့်ပါတ်သပ်သောမူဝါဒ အကြိမ်ရေဆယ်နှင့်ချီပြုလုပ်ထားပြီး ကျပ်ငွေတန်ဖိုးလည်းစံချိန်တင်ကျဆင်းနေသည်။ ။ဓါတ်ပုံ-Bloomberg)
