ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် စစ်ကောင်စီ၏ ရန်စမှုဖြစ်ပြီး အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းက ပိုမိုဖိအားပေးအရေးယူရန် ဥရောပသမဂ္ဂအကြီးအကဲ Josep Borrel က ပြောသည်။
ကမ္ဘောဒီးယား၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့ တက်ရောက် အပြီးတွင် မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ခိုင်မာရဲရင့် သောလုပ်ဆောင်မှုများဖြင့် ဖြေရှင်း ဆောင်ရွက်ရန် အထက်ပါအီးယူအကြီးအကဲ က တိုက်တွန်းသည်။
မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့လေးဦး ကို စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် “ဒါက ရှင်းရှင်းလင်းလင်းရန်စလိုက်တာပါပဲ”ဟု Josep Borrel က ဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း စစ်ကောင်စီ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်မလိုက်နာမှုနှင့် သေဒဏ်ကွပ်မျက်မှုများအပေါ် ‘လွန်စွာစိတ်ပျက်ကြောင်း’ ပြင်းထန်စွာ ပူးတွဲထုတ်ပြန်ခဲ့သည်။
အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။
“ကျွန်တော်တို့ ဖိအားဆက်ပေးနေရပါမယ်။ စစ်ကောင်စီအနေနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစု တွေနဲ့ ညှိနှိုင်းဖို့ စားပွဲဝိုင်းထိုင်ရေး ကြိုးပမ်းနေ တဲ့ အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း အား ပေးထောက်ခံပါတယ်”ဟု Borrell က ပြောသည်။
အာဆီယံသည် ယခုကျင်းပပြီးစီးသော အစည်းအဝေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပေးဘဲ ဖယ်ချန်ထားသည်။
ကိုးကား – laprensalatina
