စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ ထွက်လာ သည့် စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ရာ အနည်းဆုံးငါးဦးထိခိုက် သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က ယနေ့(သြဂုတ် ၅ ရက်) ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။
ထို့နောက် အဆိုပါ အဖွဲ့ကို ပုလဲမြို့နယ် သာယာကုန်းကျေးရွာအနီးတွင် (MRDA)မှ အသင့်စီမံထားသော မိုင်းများဖြင့်ဖြတ်တောက်ခဲ့ရာ စစ်ကောင်စီ နှင့်ပျူစောထီး အနည်းဆုံးငါးဦးထိခိုက်သေဆုံးကြောင်း အသိပေးသည်။

ထိုတိုက်ခိုက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)မှ ရဲဘော်များ အထိခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဗိုလ်နဂါးဦးဆောင်သည့် MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ ဆားလင်းကြီး၊ကနီ ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။
ဇူလိုင် ၂၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝမ်ပေါင်ရဲကင်းရုံးကို ဒေသခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးခန့် သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က ထုတ်ပြန်ထားသည်။
