လေယာဉ်နှင့်ရဟတ်ယာဥ် ပစ်လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ မည့် သူများကို ထိုက်တန်စွာဆုကြေးချီးမြှင့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ (ဩဂုတ် ၆ရက်) သတင်းထုတ်ပြန်သည်။
ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကိုဟန့်တားနိုင်မည့် လက်နက်များနှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာပါက ဆုကြေးချီးမြှင့် ပေးအပ်မည့် အခြေအနေကို အသိပေးလိုက်ခြင်းဖြစ်သည်။

ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်လည်း လက်နက်နှင့် အတူ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားများကို ဆုကြေးငွေ ပေးအပ်မှုများပြုလုပ်နေပြီး လက်နက်ခဲယမ်း ပါလာသည့်အပေါ်မူတည်ပြီး ဆုငွေပေးအပ်မှုများရှိနေသည်။
လက်နက်မပါဘဲ စစ်ကောင်စီတပ်ထံမှ ထွက်ပြေးကာ ပြည်သူ့ဘက် ပူးပေါင်းလာသူများကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များလေယာဉ်၊ရဟတ်ယာဉ်၊ရေးယာဉ်၊တင့်ကားများ နှင့်အတူCDM ပြုလုပ်ခြင်း၊အဆိုပါ ယာဉ်များကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သူများကို ဆုငွေအများအပြားပေးအပ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက အသိပေးထားသည်။
