လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခပေးဝက်ဘ်ဆိုက်တွေကတဆင့်ဖြန့်ဝေတာကြောင့်ဆိုပြီး သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) နဲ့အမှုဖွင့်အရေးယူလိုက်ပါတယ်။
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) ဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချလို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူရဲ့ သမီးမင်္ဂလာဆောင်ကို SSA ယူနီဖောင်းဝတ်ပွဲတက်ခဲ့တဲ့ ဓာတ်ပုံထွက်ပေါ်လာပြီးနောက် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။
မော်ဒယ် သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လကစလို့ မော်ဒယ်ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုနဲ့ Website တစ်ခုမှာ အခကြေးငွေ ရယူကာ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေဖြန်ဝေခဲ့တယ်လို့ ဒီကနေ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မိဒီယာကတဆင့်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
မော်ဒယ် နန်းမွေစံကလည်း ၂၀၂၀ စက်တင်ဘာကစလို့ Website တစ်ခုမှာ လိင်အသားပေးဓာတ်ပုံတွေ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့တယ်လို့ဆိုပါတယ်။
