ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား တစ်လအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပွားခဲ့ပြီး BGF ဗိုလ်အဆင့်ရှိသူအပါအဝင် ယောက်(၉၀)နီးပါး သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ရှစ်ကောင်သေဆုံးပြီး ငါးကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်လက်နက်နဲ့ကျည်ဆံတွေသယ်ဆောင်လာတဲ့ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ ကျဆုံးမှုမရှိပဲ ကိုးဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၅ တို့အကြား နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်တိုင်း စစ်ကောင်စီဘက်က အမြောက်လက်နက်ကြီးတွေ အများအပြားအသုံးပြုပြီး ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာ၊ လယ်ယာဥယျာဉ်ခြံမြေထဲကို တမင်ရည်ရွယ်ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ရကာ ငါးဦးက ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဇူလိုင်လတစ်လတာအတွင်း မူတြော်ခရိုင်အောက်က ဘူးသို၊ လူသော၊ ဒွယ်လိုးမြို့နယ်သုံးမြို့နယ်လုံးမှာ စစ်ကောင်စီ BGF တပ်ဘက်က ပြည်သူတွေရဲ့လယ်ယာဥယျာဉ်ခြံမြေထဲကို အမြောက်လက်နက်ကြီးကျည် (၆၇)လုံး ပစ်ချသွားခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
