အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဇူလိုင် ၃၁ ရက်တွင် တရားဝင်ဖွင့်လှစ်ကြောင်း ယမန်နေ့တွင် ကြေညာသည်။




အဆိုပါ ဂျပန်ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဆိုင်ရာ ဝန်ကြီးနော်စူစန်နာလှလှစိုး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က အွန်လိုင်းမှတဆင့် အမှာစကား ပြောကြားကာ ဂျပန်လွှတ်တော် အမတ်များ၊ မီဒီယာများ၊မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ သက်ဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေသည့် ပြဿနာများကို NUG Japan Officeက လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း တချိန်တွင် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးစောဘလှသိန်းက ရှင်းလင်းသည်။



ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းကုန်နေသူများ ဗီဇာသက်တမ်းတိုးသည့်အခါ နှင့် နိုင်ငံခြား ခရီးသွားရန်လိုအပ်သည့်အခါ အခက်အခဲတစုံတရာရှိပါက NUG ရုံးသို့တိုင်ပင်ဆောင်ရွက် နိုင်ကြောင်း ဦးစောဘလှသိန်းက ဆက်ပြောသည်။
