ကရင်နီပြည်တွင် ဇူလိုင်တစ်လတာအတွင်း တိုက်ပွဲ(၄၈)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖက်မှ ၈၈ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (သြဂုတ် ၁ ရက်) ထုတ်ပြန်သည်။
ထို့အပြင် ဇူလိုင်တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက် (၂၁) လက်သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။
ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂၁)ကြိမ်တိုက်ခိုက်ခဲ့ပြီး လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ကာ စစ်ကြောင်းထိုးစဥ် ပြည်သူနေအိမ် တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း အသိပေးသည်။
ဇူလိုင်နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှ တစ်ဆင့် ဒီးမော့ဆို မြို့နယ် နှင့်လွိုင်ကော်မြို့နယ်အတွင်းသို့ စစ်ယာဥ်တန်းများဖြင့် တပ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။


အလားတူ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာ၊ စံပြ(၆)မိုင်နှင့် ဟိုဖိတ်ကျေးရွာ တို့တွင် စစ်ကြောင်း ထိုးလျက်ရှိသဖြင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဖရူဆိုမြို့အနီး ထီးကလူဒေါ ကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းနေကြောင်း ဖော်ပြသည်။
ဇူလိုင် ၂၂ ရက်က ဖရူဆိုမြို့ပေါ်ရပ်ကွက်နှင့် ခရစ်ယာန်ဘုရားကျောင်းဝန်း အတွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF B04 ၊B05၊ B15၊ B18၊ loikaw PDF၊ Hpruso PDFနှင့် အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၂၉ ရက်တွင် ဖရူဆိုမြို့အတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်များကို KNDF B04 နှင့် Hpruso PDF တို့မှ ရှောင်တခင်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အတူ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ဖရူဆိုမြို့နယ် အခြေစိုက်အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း ခြံစည်းရိုးတွင် ကင်းချထားသော တပ်မ(၅၅) လက်အောက်ခံ ခလရ (၇) တပ်သားအချို့မှ မာခရော်ရှေ့ ကျေးရွာအတွင်းသို့ ဝင်ရောက်လာသဖြင့် KNDF B-15 နှင့် ကရင်နီတပ်မတော်(KA)တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့သည်။

ထို့နေ့ မွန်းလွဲ ၁ နာရီတွင် ဖရူဆိုမြို့အခြေစိုက် ခမရ (၅၃၁) တပ်ရင်းကင်းပုန်း စခန်းအား KNDF B-05၊ B-15 နှင့် DMO PDF တို့မှ ရှောင်တခင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ သည်။
ဖယ်ခုံမြို့နယ်တွင် ဇူလိုင် ၂၅ရက်က ဆောင်နန်းခဲကျေးရွာတောင်ပေါ်ရှိ စစ် ကောင်စီတပ်၏ တပ်စခန်းကို KNDF B-03၊ SSRY နှင့် ဖယ်ခုံ PDFတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁နာရီကြာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ရှစ်ဦးသေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့သည်။
ဇူလိုင်၂၉ ရက်တွင် ဖယ်ခုံမြို့နယ် ပင်ပုံနှင့် လွယ်ဝှဲကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား KNDF B-03၊ B11၊SSRY နှင့် ကရင်နီ တပ်မတော် (KA) မှရှောင်တခင် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ် ဖက်မှ နှစ်ဦးသေဆုံးခဲ့သည်။
ဘောလခဲမြို့နယ်တွင်လည်း ဇူလိုင် ၂၈ရက်တွင် နန်းဖဲကျေးရွာအနီး မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအား KNDF B-16 မှ ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်။
လွိုင်ကော်မြို့နယ်အတွင်း ဇူလိုင်လ ၂၉ရက်က လွိုင်ကော်မြို့အဝင် စစ်ကောင်စီ၏ ကယန်းသာယာစစ်ဆေးရေး ဂိတ်စခန်းအား KNDF B-02 နှင့် B-14 တို့မှ ဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း အသိပေးသည်။
ဇူလိုင် ၂၉ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNDF B-01 မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ရသည်။
ဇူလိုင် ၃၀ရက်တွင် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ချီတက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် KNDF B-09 တို့ ဟိုဖိတ်၊ ဒေါပိုးစီနှင့် ဒေါဘူးငံရယ်(၅)မိုင်ကျေးရွာတို့တွင် ထိတွေ့တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့သည်။
ထို့ပြင် ဇူလိုင် ၃၁ ရက် နံနက်၁၁နာရီခန့်တွင်လည်း စံပြ(၆)မိုင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။
ဒီမော့ဆိုမြို့နယ် ၊အူးခူးရီကျေးရွာအနီးတွင် လုံခြုံရေးယူနေသော KNDF B-05 နှင့်စစ်ကောင်စီတပ် တို့ ဇူလိုင် ၃၁ နံနက်ပိုင်းတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
