မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက မြို့ပြပြောက်ကျားတော်လှန်ရေး ရဲဘော်အချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မန်းအခြေစိုက် UG တပ်ဖွဲ့များထံမှ သတင်းရရှိသည်။
ယနေ့ (သြဂုတ် ၁ ရက်)နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် (၆၈)လမ်း ဝန်းကျင်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းပြီး လူငယ် ၁၀ဦးခန့်ကို ဖမ်းဆီးသွား ကြောင်း ဒေသအခြေစိုက် UG အဖွဲ့အစည်းများထံမှ သိရသည်။ သို့သော် အရေအတွက်အတိအကျ ကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ငှားထားတဲ့အိမ် ဝင်စီးခံရတာဗျ။ သူတို့လည်း စုစည်းနေတဲ့အချိန် ပတ်ဝန်းကျင်က ဒလန် တစ်ယောက်ယောက်က ယောကျာ်းလေးတွေကို သတိထားမိပြီး စီးခံရတာဖြစ်မယ်”ဟု မန္တလေး UG အဖွဲ့အစည်းတစ်ခုမှ ဗိုလ်ဖီးနစ်က ပြောသည်။
မန္တလေးမြို့အခြေစိုက် အခြား UG အဖွဲ့တစ်ခုမှ ဗိုလ်မြွေပွေး၏ ပြောဆိုမှုအရ အဖမ်းခံရသည့် ရဲဘော်များမှ ပြောက်ကျားအဖွဲ့တစ်ဖွဲ့မှ ရဲဘော်များ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောသည်။
“(ဖမ်းဆီးခံရတဲ့အခြေအနေ) မသိရဘူး။ မလုံခြုံသေးလို့ကျန်တဲ့သူတွေ”ဟု ဗိုလ်မြွေပွေးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း မန္တလေးမြို့အခြေစိုက် DRM Rangers Mandalay – PDF မှ ရဲဘော်အချို့ ဖမ်းဆီးခံရသည့်အပြင် ခိုလှုံအိမ်ပါ ဝင်စီးခံခဲ့ရသည်။
