တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းဘူတာရှေ့အဝိုင်း ပြည်သူ့ရင်ပြင် တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဦးဆောင်ပြီး ယနေ့ (ဇူလိုင် ၃၁)၌ ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုစကား ပြောခဲ့သည်။
ယင်းနောက်လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ တက်ရောက်လာသူများမှ ကျဆုံးသူ အာဇာနည်များအား နှင်းဆီ ပန်းပွင့်များဖြင့် စီတန်း ဦးညွတ်ဂုဏ်ပြုခြင်း နှင့်အတူ နွေဦးတော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရှာဖွေခြင်း အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချခြင်းနှင့်ထောက်ပို့တပ်သား One Day Challenge မန်ဘာဝင်များ စုဆောင်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
