စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့၍ အသက်(၈၀)ကျော် အဘွားအိုနှစ်ဦးအပါအဝင် သုံးဦးကျည်ထိမှန်ပြီး အဘွားအို တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာ၃ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုကျေးရွာများ အနက် အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၀ချက်ခန့် ကျရောက်ခဲ့သည်။

ထိုသို့ပစ်ခတ်ချိန် နေအိမ်ထဲတွင် မပြေးနိုင်ဘဲ ကျန်ခဲ့သော အင်းပတ်ကျေးရွာနေ အသက်(၈၆) နှစ်အရွယ် ဒေါ်ဝက်အပါအဝင် အသက်(၈၅)နှစ်အရွယ် ဒေါ်ညွှန့်နှင့် အသက်(၄၀) အရွယ် ကိုစိုးနိုင်တို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
ထိုသုံးဦးအား ဆေးကုသမှုပေးခဲ့သော်လည်း ဒေါ်ဝက်မှာရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ထို သုံးဦးထဲက အသက်၈၆နှစ်အရွယ် ဒေါ်ဝက် မှာ မျက်စိတစ်ဖက်အပါအဝင် ခန္ဓာကိုယ်တော် တော်များများ ထိမှန်ခဲ့လို့ အရေးပေါ်ဆေးကုသခဲ့ပေမယ့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ည၈နာရီခန့်က ဆုံးသွားတာပါ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ်ငါးလုံးခန့် ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယခင်ကလည်း အင်းပတ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီး မီးရှို့ဖူးပြီး နေအိမ် ၃၁၅အိမ်အထိ မီးလောင်ပျက်စီးထားသည်။
