စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကလေး-တမူးကားလမ်းပိုင်းတွင်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှင့်ပျူဆယ်ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။
“မိုင်းသုံးကြိမ်ဆွဲတိုက်ခိုက်ခဲ့တာ။ ပစ်မှတ်တွေကိုကောင်းကောင်းထိတယ်။ စစ်ခွေးနဲ့ပျူဆယ်ယောက်ထက်မနည်းဘူး သေတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် ကံပုလဲကျေးရွာမှ နံနက် ၅နာရီခန့်တွင် ထွက်လာကြောင်းသတင်းရရှိပြီးနောက်ကလေး-တမူးလမ်း ၅၆မိုင်အနီးတွင် PDFများကမိုင်းထောင်ပြီးအချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုင်းခွဲတိုက်ခိုက်ပြီးမကြာမီစစ်ကောင်စီတပ်ကားများထပ်မံ ရောက်လာ၍ ဆုတ်ခွာခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်ဇူလိုင် ၂၁ရက်ကလည်းကလေးမြို့နယ်၊ကင်မွန်းခြုံရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့နှင့် ပျုစောထီးအများအပြားသေဆုံးခဲ့သည်။
ကင်မွန်းခြုံရွာတိုက်ပွဲမှ ပြန်ရောက်လာသည့် တောင်အူပြင်သာရွာမှပျူစောထီးခေါင်းဆောင်တစ်ဦးသည်တိုက်ပွဲအတွင်းပျူစောထီးအများအပြားသေဆုံးသည်ကို.တွေ့မြင်ပြီးနောက် စိတ်ကစဥ့်ကလျားဖြစ်သွားသည်ဟု ဒေသခံများကပြောသည်။
