(၉၈)နှစ်အရွယ်အဘွားအို မီးရှို့သတ်ဖြတ်ခံရပြီး ရဲဘော်တစ်ဦးနှင့် စစ်ဘေးရှောင်များအား ထမင်းထုပ်ပို့နေသော လူငယ်တစ်ဦးပါ သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လက်ပံလှကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်က နေအိမ်၂၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည့်သူရဲဘော်တစ်ဦးနှင့် ဒေသခံပြည်သူလေးဦးအား အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၂၇ရက်) နံနက် ၆နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သည် လက်ပံလှကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး လမ်းတွင်တွေ့ သည့် အသက်၃၅နှစ်အရွယ် ရဲဘော် အုန်းသီးအား ပစ်ခတ်သတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းဝင်ရောက်ပြီး နံနက်၈နာရီခွဲ တွင် ကျေးရွာတောင်ပိုင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးခဲ့သည်။
နေအိမ် ၂၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ထွက်မပြေးနိုင်သော အသက်(၉၈)နှစ် အရွယ် ဒေါ်စီကိုလည်း နေအိမ်အတွင်းမှာပင် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခန့်တွင် လက်ပံလှကျေးရွာမှ ထွက်ခွာသွားကာ အနီးရှိ လောင်းရှည်ကျေးရွာကိုပါ ဝင်ရောက်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် လောင်းရှည်ရွာအနီးတွင် စစ်ဘေးရှောင်များအတွက် ထမင်းထုပ်ပို့ နေသူ အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦးနှင့် ဆိတ်ကျောင်းနေသောပြည်သူနှစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
“လောင်းရှည်ရွာ အနီးတွင် တစ်မနက်လုံး ဘာမျှမစားရသေးသော စစ်ရှောင်ပြည်သူများ အတွက်ထမင်းထုပ်များ အသွားအပြန်ပို့ပေးနေသော မောင်ဖိုးခွား(အသက်-၁၈နှစ်)ကို လမ်းတွင် မိကာ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရပါတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
လောင်းရှည်ကျေးရွာအတွင်း ဝင်ရောက်နေစဥ် ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ပြီး နေ့လည် ၂နာရီခန့်တွင် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်၂၆ရက်ကလည်း ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာရှိ အသက်(၁၃)နှစ် အရွယ် ကလေးတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ကာကွယ်ရေးခေါင်းဆောင်တစ်ဦး လည်း ကျဆုံးခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။
