ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြား၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဘက်သွားရာ ထင်းရှူးတောထဲတွင် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။
“ အဲဒါ စခ ဘက်က သေဆုံးဒဏ်ရာရရှိသူတွေများတယ်။ နောက်ဆုံး မြေပြင်သတင်းအရ စခ ၁၀ ယောက်သေပြီး ၂၀ နီးပါး ဒဏ်ရာရကြတယ်။ တချို့ မိုင်းနင်းမိလို့ ခြေပြတ်တာလည်း ရှိကြတယ်။ လတ်တလောတော့ အခြေအနေ ငြိမ်နေပါတယ်”ဟု ချင်းဒေသခံက ယနေ့နံနက်တွင် ပြောသည်။
ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ကျဆုံးထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သားများသည် သီမစ်လမ်းဟောင်း Rual-U သုသာန်ဖက်ကနေ သီမစ်ချောင်း ဘက်သို့ စစ်ကြောင်းထိုးကြရာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခဲ့၍ မွန်းလွဲ ၂နာရီခွဲတွင် စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားကြောင်း The Chin Journalက ဖော်ပြသည်။
ယမန်နေ့တိုက်ပွဲ၌ ဟားခါးမြို့ ရုန်းတောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၆၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုဆိုသည်။
ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။
