စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယမန်နေ့ညက ကင်းလှည့်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့်ပျူစောထီးများအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇူလိုင် ၃၀ရက်) ည၈နာရီခန့်က တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာရှိ စစ်အုပ်စု ကင်းလှည့် လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
စစ်အုပ်စုသည် အင်္ကုက္ကားရွာမှ အနောက်ဘက်အထွက် ကျွန်းပင်တန်းအနီးတွင် မိုင်းပွိုင့်ပေါ် တည့်တည့်ရောက်ရှိလာ၍ ပြည်သူ့တော်လှန်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားနှင့်ပျူ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း တန့်ဆည်(ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး တန့်ဆည်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြား ခြင်း မရှိသေးပေ။ထို့အပြင် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဇူလိုင် ၂၆ ရက် ည ၁၁နာရီခွဲခန့်ကလည်း အင်္ကုက္ကားရွာရှိ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ဇူလိုင် ၂၈ ရက်ညကလည်း အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံး ကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က ထုတ်ပြန်ထားသည်။
