●တိုက်ပွဲမှ ပြန်ရောက်လာသော ပျူခေါင်းဆောင်ကြောင်တောင်တောင်ဖြစ်နေဟု ဒေသခံအချို့ပြော
ကလေးမြို့ ကင်မွန်းခြုံရွာတိုက်ပွဲတွင် သေဆုံးခဲ့သေစစ်သားနှင့်ပျူစောထီးရုပ်အလောင်းများအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ရာတွင် မီးလောင်ကျွမ်းအားကောင်းသည့် ဓာတုဆေးရည်တစ်မျိုးအသုံးပြုခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ကင်းမွန်းခြုံရွာတွင် ဇူလိုင် ၂၁ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများကာ အထိနာပြီးနောက်စစ်တပ်နေအိမ် ၂၀ လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အိမ်များကိုမီးရှို့ရန်လုပ်စဥ် PDFများထောင်ထားသည့် မိုင်းမိ၍ သေဆုံးခဲ့သော စစ်သားနှင့်ပျူများကိုလည်း နေအိမ်များပေါ်တင်၍ မီးရှို့သွားသည်ဟု PDFများကပြောသည်။
“သေသွားတဲ့ တပ်ကြပ်ကြီးတစ်ယောက်ကိုဘုန်းကြီးကျောင်းမှာ မီးရှို့တော့ မရှို့ခင် ဆေးရည်တွေလောင်းတယ်။ ပြီးတော့ မီးတို့လိုက်တာ အရိုးတွေပါ ခဏလေးနဲ့ ပြာကျသွားတယ်။ အိမ်တွေကို ရှို့တုန်းကလည်း မိုးရွာနေတာတောင် မီးလောင်အားပြင်းတယ်”ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
သေသွားသောစစ်သားနှင့်ပျူများကိုကင်မွန်းခြုံရွာတွင် နေအိမ်အချို့ပေါ်တင်၍ မီးရှို့ထားသည့်အလောင်း ၂၀ ကျော်တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဇူလိုင် ၂၈ရက်တွင်ပြောသည်။
“ရွာဘေးက တောင်ကုန်းပေါ်မှာကျွန်တော်တို့ပဒေသာမိုင်းဆင်ထားတာ။ စစ်ခွေးတွေနဲ့ ပျုစောထီးတွေကအဲ့ဒီတောင်ကုန်းပေါ်မှာ အသေအချာနေရာယူထားတာ။နောက်ရက်အဲ့ဒီတောင်ကုန်းပေါ် တက်ကြည့်တာအသားစတွေမြင်မကောင်းဘူး” ဟု အဆိုပါရဲဘော်ကပြောသည်။
ကင်မွန်းခြုံရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖက်မှ ရဲဘော်တစ်ဦး မိုင်းထိဒဏ်ရာရခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးထက်မနည်းသေဆုံးကြောင်းကလေးPDFကသတင်းထုတ်ပြန်ထားသည်။သေဆုံးသူများတွင်ပျူစောထီများလည်းပါဝင်သည်ဟုPDFအချို့ကပြောသည်။
ကင်မွန်းခြုံရွာတိုက်ပွဲမှ ပြန်ရောက်လာသည့် တောင်အူပြင်သာရွာမှ ပျူစောထီးခေါင်းဆောင် တစ်ဦးသည် စိတ်ကစဥ့်ကလျားဖြစ်နေသည်ဟုဒေသခံများကပြောသည်။
“ပျူခေါင်းဆောင်မြင့်ထူးပြန်ရောက်လာကတည်းကကြောင်တောင်တောင်ကြီး ဖြစ်နေတယ်။ ပျူတွေမရှုမလှသေတော့ အဲ့ဒါတွေ မြင်ပြီးကြောက်သွားသလား၊ တိုက်ပွဲတိုက်နေချိန် ဆေးတွေအတိုက်ခံရပြီး ကြောင်တာလားတော့ မပြောတတ်ဘူး” ဟုတောင်အူပြင်သာရွာဒေသခံတစ်ဦးကပြောသည်။
