ကားပေါ်ပါအမျိုးသားတစ်ဦးလည်းဒဏ်ရာရ
မုံရွာတွင်ယမန်နေ့ညနေက စစ်ကောင်စီတပ်ကားများလာ၍လမ်းဘေးချရပ်နေသောကားကို စစ်ကောင်စီတပ်ကအကြောင်းမဲ့ပစ်ခတ်ခဲ့၍ ကားအတွင်းမှ (၈)နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးခဲ့သည်။
မုံရွာမြို့ဘိုးဘွာရိပ်သာအနီးတွင်ယမန်နေ့(ဇူလိုင်၂၅ရက်)ညနေ ၆နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းအတိုင်း စစ်ကားတန်း၁၁စီးပါကားတန်းလာ၍ အိမ်စီးကား Light Truck မှာ လမ်းဘေးချရပ်ပြီးမှန်ချထားသဖြင့် ကားအတွင်းကလေးပါသည်ကိုရှင်းလင်းစွာမြင်နေရပါလျက် စစ်သားများကသေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“စစ်ကားတန်းလာလို့ လမ်းဘေးချရပ်ထားတဲ့ကားကို ပစ်တာ။ ကားထဲက ကလေးတစ်ဦးသေတယ်။ ကလေးအဖေထင်တယ်။ ဒဏ်ရာရသွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
ကျည်ထိကလေးငယ်အား မုံရွာဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ကလေးမလေးက မျက်စိပေါက်ထွက်သွားတယ်။ အလောင်းပြန်မရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မုံရွာမြို့တွင်း နေရာအနှံ့အပြားတွင် ပိုက်စိပ်တိုက်စစ်ဆေးအကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
