▪️ဒေသခံပြည်သူအချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ကျေးရွာများအား အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူအချို့လည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၃ ရက်က မြိုင်နယ် အနောက်မြောက်ပိုင်းအား စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးလာခဲ့ပြီးကျောက်ကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် သီတင်းပင်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်၍ ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။
