ရန်ကုန်မြို့ တာမွေမြို့နယ် Ocean စင်တာကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်း ကို ယနေ့ (ဇူလိုင် ၂၄) ညနေပိုင်း၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် တာမွေ ခုံးကျော်တံတားအောက်ဘက် Ocean စင်တာ ကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်းတွင် ဗုံးပေါက်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံများမှတဆင့် သိရသည်။
” ညနေက တာမွေခုံးတံတားအောက်က ယာဥ်ထိန်းရဲကင်းမှာ ဗုံးပေါက်တာပါ။ ဗုံးပေါက်သံ တစ်ချက်တော့ ကြားလိုက်ရတယ်။ ယာဥ်ထိန်းရဲကင်းက အစောင့်စစ်သားတွေ ဘယ်သူမှ မရှိကြတော့ပါဘူး။ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ် “ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ဝေးရာနေရာတို့၌ ရှောင်ရှားသွားလာကြရန်လည်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။
ယမန်နေ့ကလည်း ရန်ကုန်မြို့လယ် ကုန်သည်လမ်းမပေါ် (၃၉)လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား ပန်းဘဲတန်းမြို့နယ် လျှပ်စစ်ရုံးရှေ့ လုံခြုံရေးကင်းတဲ အား မြို့ပြပျောက်ကြားတပ်ဖွဲ့ (Toxic Boys) က ‘နန်းထိုက်အောင်’စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
