ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်တပ်အကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်(၂၂)ရက်က ကေအဲန်ယူ-လယ်ဒိုမြို့နယ် ပေတူးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း(၉)တို့အကြား ထိပ်တိုက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉)ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ကေအဲန်ယူကဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက်နေ့က ကေအဲန်ယူ-လယ်ဒိုမြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု အင်းပရိကူးတို့ဆိပ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တယ်လို့ ကေအဲန်ယူကပြောပါတယ်။
KNLAတပ်ဖွဲ့ တစ်ဖက်ကမ်းကို မကူးနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကူးတို့ဆိပ်တွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့စတင်ကာ ကူးတို့ဆိပ်တွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။
