ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ မူး(မုန်း)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် စာသင်ကျောင်း (၁၃)ကျောင်း ပိတ်ထားခဲ့ရပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂ ရက်ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေ မူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ပြီး နယ်မြေခံ KNLA တပ်မဟာ ၃ နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ကာ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။
ဒါ့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၂)ရွာက စာသင်ကျောင်းတွေလည်း ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပဲ ရပ်တန့်ခဲ့ရပြီး အဆိုပါကျောင်းတွေမှာ ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမ ဦးရေ စုစုပေါင်း(၆၀၀) လည်း တိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
လတ်တလောမှာ ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။
