သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ရန် ထပ်လောင်းတောင်းဆို
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ဦးကို မြန်မာစစ်တပ်က သေဒဏ်ပေးကွပ်မျက်ခြင်းအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။
ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့၏မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။
အတွင်းရေးမှူးချုပ်သည် မည်သည့်အခြေအနေတွင်ဖြစ်စေ သေဒဏ်ပေးကွပ်မျက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည်။
မြန်မာစစ်တပ်၏ ယခုကွပ်မျက်မှုများသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြိုလဲပျက်စီးနေသည့်လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားနေလာခြင်းကို ပြသနေသည်ဟုလည်း အတွင်းရေးမှူးချုပ်က မှတ်ယူသည်။
ထို့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ်ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားမှုကို အတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုသည်။
