●ဒီမိုကရေစီအရေးကြိုးပမ်းသူလေးဦးကို သွေးအေးအေးဖြင့် တရားဥပဒေမဲ့သတ်ဖြတ်ခြင်းရာဇဝတ်မှုကျူးလွန်ဟု သတ်မှတ်
စစ်အကြမ်းဖက်တို့၏ ရက်စက်စွာ သတ်ဖြတ်ခံရသူ အာဇာနည်များအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က များစွာဝမ်းနည်းရပြီး ဦးညွှတ်ဂုဏ်ပြုကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများက သွေးအေးအေးဖြင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်ဟု NLD က ထုတ်ပြန်သည်။
နိုင်ငံတကာနှင့် ဥပဒေဘက်တော်သားအသီးသီး၏ မေတ္တာရပ်ခံချက်တို့ကို အကြမ်းဖက်စစ်ကောင်စီက လျစ်လျူရှုကာ ၎င်းတို့ ကျူးလွန်နေသည့် ရာဇဝတ်မှုပေါင်းများစွာထဲမှ သက်သေခိုင်မာသော ရာဇဝတ်မှုကို ထပ်မံ၍ ကမ္ဘာသိ ကျူးလွန်ပြသခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
