စစ်တပ်၏လုပ်ဆောင်မှုများက ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို ပိုမိုအထီးကျန် စေမည်ဟု သတိပေး
ဒီမိုကရေစီအရေးကြိုးပမ်းသူ ၄ဦးကို ကွပ်မျက်ခဲ့သော မြန်မာစစ်တပ်၏ လုပ်ဆောင်မှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဂျပန်အစိုးရက အခိုင်အမာတောင်းဆိုထားသော ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးပြန် လွှတ်ပေးရေးနှင့် ဆန့်ကျင်စွာ စစ်တပ်၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

“အာဏာသိမ်းမှုနောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း ဂျပန်အနေနဲ့ ဖော်ပြလိုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းအဆုံး သတ်ရန်၊ ဖမ်းဆီထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီနိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်သွားရန်နှင့် အာဆီယံ ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဂျပန်က တိုက်တွန်းသည်။
အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားအပါအဝင် အာဆီယံ၏ မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ဆက်လက်ထောက်ခံသွားမည်ဟုလည်း ဂျပန်က ထုတ်ပြန်သည်။
