ပြည်သူလူထုကို စစ်ကြေညာသည့် စစ်တပ်ခေါင်းဆောင်များကို စစ်ရေးဖြင့် ဖြုတ်ချရုံမှတပါး မရှိဟု ဝါရင့်တရားလွှတ်တော်ရှေ့နေပြော
စစ်အုပ်စု၏ ရက်စက်၍ လူမဆန်သောလုပ်ရပ်များအတွက် နိုင်ငံတကာသံမန်များ ပြန်လည်သတိမူနိုးကြားလာရမည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့တိုက်တွန်းလိုက်သည်။
နိုင်ငံရေးအကျဉ်းသားလေးဦးကို တရားလက်လွတ် သေဒဏ်စီရင်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့ကွပ်မျက်လိုက်ခြင်းသည် စစ်အုပ်စု အနေဖြင့် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးမှုမလုပ်နိုင်ဟု ငြင်းဆိုလိုက်ခြင်းပင်ဖြစ်ကြောင်း AAPP က ဖော်ပြသည်။
“ဒါလူသတ်မှုကျူးလွန်တာပဲ။ သူတို့က တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာ ဒါမျိုးလုပ်ခွင့်မရှိဘူး။ အခုလို လူသတ်အလောင်းဖျောက်တဲ့လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်သာ ဖြစ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်လိုက်တာ ဖြစ်တယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲ အခန်း ၈၊ ပုဒ်မ ၁၄၊ အပိုဒ် ၆၆၀ အရ သေဒဏ်ကွပ်မျက်ခံရသော အကျဉ်းသားများ၏ ခန္ဓာကိုယ်အား “ထောင်အကျဉ်းတံခါးပေါက်အပြင်သို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာတွင် ဆွေမျိုးများ (သို့) မိတ်ဆွေများထံ ပေးအပ်ရမည်”ဟု ပြဌာန်းထားသည်။
ထို့အပြင် သေဆုံးသူ၏ရုပ်အလောင်းကို အထူးအကြောင်းတစ်စုံတရာကြောင့် ပြန်လည် မပေးအပ်ခဲ့လျှင် “မြှုပ်နှံသော သင်္ချိုင်းမြေနေရာများတွင် သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံး သည့် နေ့ရက်တို့ကို မှတ်သားထားရှိရမည်”ဟု အကျဉ်းထောင်လက်စွဲ အပိုဒ် ၁၀၂၇ တွင် ပြဌာန်းထားသည်။
သို့သော် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်ပေးခံရသည့် သတင်းများထွက်ရှိလာပြီးနောက် စစ်အာဏာရှင်များက သေဒဏ်ပေးခံရသူတို့နှင့် ပတ်သက်သည့် တည်နေရာနှင့် အခြေအနေများကို ရှင်းရှင်း လင်းလင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်အုပ်စု တာဝန်ရှိသူများအနေဖြင့် သေဒဏ်ပေးခဲ့သည့် နေ့ရက်၊ အချိန်အတိအကျနှင့် အခုလက်ရှိ ရုပ်အလောင်းကို မည့်သည့်နေရာမှာထားရှိသည်ကို အတည်ပြု ထုတ်ပြန်ရမည်ဟု AAPP က တိုက်တွန်းသည်။
ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း အထက်ပါပုဂ္ဂိုလ်လေးဦး၏ အမှုကို စတင်စစ် ဆေးစဉ်ကတည်းက ဥပဒေနှင့် မညီခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေဖြင့်ပင် မကိုက်ဘဲ အာဏာ ရယူထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် သေဒဏ်ပြစ်ဒဏ်ကို အတည်ပြုခွင့် မရှိ ကြောင်း မှတ်ချက်ပြုသည်။
“သန်းရွှေတို့ ကိုယ်တိုင်ပင်လျှင် လုပ်မသွားဘူး။ ဘာလို့ဆို သူတို့က ရွေးချယ်တင်မြှောက်ခံထားရတဲ့ သမ္မတမဟုတ်တဲ့အတွက် သူတို့ဟာ သေဒဏ်တွေကို အတည်ပြုပိုင်ခွင့်မရှိဘူး။ မင်းအောင်လှိုင်က နှစ်ပေါင်းများစွာ သေဒဏ်အတည်မပြုခဲ့တာကြီးကို၊ ဥပဒေနဲ့ မညီတာကြီးကို အတည်ပြုလို့ မင်းအောင်လှိုင်တို့ဟာ လူသတ်မှု ကျူးလွန်တဲ့သူတွေသာဖြစ်တယ်” ဟု ဦးကြီးမြင့်က ပြောသည်။
ထို့အပြင် နိုင်ငံရေးအမြင်အရ သေဒဏ်ကွပ်မျက်ခြင်းသည် ပြည်သူလူထုကို စစ်ကြေညာခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များပြောဆိုနေသည့် ၂၀၂၂ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ပျက် ပျယ်သွားပြီဖြစ်ကြောင်း ဆက်ပြောသည်။
“ပြည်သူလူထုကို စစ်ကြေညာတဲ့ စစ်တပ်ခေါင်းဆောင်တွေကို စစ်ရေးနဲ့ ဖြုတ်ချရုံမှတပါး မရှိဘူး” ဟု အထက်ပါဝါရင့်တရားလွှတ်တော်ရှေ့နေက ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသား (၇၆) ဦးကို သေဒဏ်ပြစ်ဒဏ်ချမှတ်ထားသည်။ ထို့အပြင် (၄၁) ဦးမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသည်။ ထို့ကြောင့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် သေဒဏ်ပေးခံရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၁၇) ဦး ရှိနေကြောင်း AAPP က ထုတ်ပြန်သည်။
