ယနေ့ (ဇူလိုင် ၂၄) ညပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူး အစရှိသည့် မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပျက်နေကြောင်း ဒေသခံများမှ တစ်ဆင့် သိရသည်။
” ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး “ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
ယနေ့ည ၁၁နာရီ မိနစ် ၂၀တွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဟုဆိုကာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ပဲခူး၊ မကွေး၊ မုံရွာ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ စစ်ကိုင်း၊ လားရှိုး စသည့် မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်နေကြောင်း သက်ဆိုင်ရာဒေသခံများမှ တစ်ဆင့် သိရသည်။
