▪︎တိုက်ခိုက်မှုအတွင်းပြည်သူတစ်ဦးဒဏ်ရာရ၍ ထိခိုက်သူနှင့်မိသားစုကို ကလေးPDFတောင်းပန်၊စစ်သားများရှိသောနေရာနှင့်ယာဥ်များအနီးအချိန်မရွေးပေါက်ကွဲနိုင်၍သတိရှိကြရန်မေတ္တာရပ်ခံ
ကလေးမြို့ရှိ စစ်ကောင်စီတပ်၏ ကလေးဒေသကွပ်ကဲမှစစ်ဌာနချုပ်(ဒကစ)မှ ထွက်လာသည့်စစ်ကားများကိုသုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း PDF(ကလေး)က ယနေ့ထုတ်ပြန်သည်။
ကလေးမြို့ ဒကစမှထွက်လာသည့် စစ်ကားများအားယမန့်နေ့(ဇူလိုင် ၂၃ရက်) မနက် ၇နာရီခန့်တွင် စစ်ကားတစ်စီးမောင်းနှင်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကားကိုမိုင်းထိခဲ့သော်လည်း ဆက်လက်မောင်းပြေးသွားသည်။ ထိုနောက် ကားတစ်စီးထပ်မံမောင်းနှင်လာရာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာမိုင်းထိပြီးထိုကားမှာလမ်းဘေးထိုးရပ်သွားခဲ့သည်ဟုသိရသည်။
မိုင်းထိသည့် ကားကို ကူညီရန် ဇူလှိုင် ၂၃ ရက် မနက် ၈နာရီခန့်တွင် ကလေး ဒကစမှ စစ်ကူများရောက်လာပြီး စစ်ဆေးမှုများပြုလုပ်နေစဉ် PDF(ကလေး)က အသင့်တပ်ဆင်ထားသော မိုင်းများကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထိုမိုင်းခွဲတိုက်မှုများကြောင့် စစ်သား ၅ဦးသေဆုံးပြီးဒဏ်ရာရရှိသူများအများအပြားရှိခဲ့ကြောင်းထုတ်ပြန်သည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်ဦးမတော်တဆ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ထိုထိခိုက်မှုကြောင့် ပြည်သူနှင့် မိသားစုကို အနူးအညွတ်တောင်းပန်အပ်သည်ဟု PDF(ကလေး)ကတောင်းပန်သည်။
စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်ရာတွင်ပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ၊ အဆောက်အဦးများနှင့် မော်တော်ယာဉ်များအနီးတွင် ပေါက်ကွဲမှုများ အချိန်မရွေးဖြစ်ပေါ်နိူင်၍ လုံခြုံရေးအထူးသတိပြု၍ နေထိုင်သွားလာကြရန် PDF
(ကလေး)က မေတ္တာရပ်ခံထားသည်။
