စစ်ကောင်စီတပ်ကရွာကိုမီးရှို့သွားစဥ်မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့်အထိနာသွားသည့်ကလေးမြို့ နယ် ကင်မွန်းခြုံရွာရှိနေအိမ်အချို့ တွင် အိမ်နှင့်အတူရော၍မီးရှို့ထားသည့် စစ်ကောင်စီတပ်သားရုပ်အလောင်း ၂၀ ခန့် တွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ဇူလိုင် ၂၁ ရက်တွင်ကင်းမွန်းခြုံရွာကိုမီးရှို့လာသောစစ်ကောင်စီတပ်မှာမိုင်းခွဲတိုင်ခိုက်ခံရပြီး ၊ ထိုစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ထိုတိုက်ပွဲတွင်စစ်တပ်ဘက်မှ မိုင်းထိ၍ သေဆုံးသူများခဲ့သည်။ ဒေသခံများသည်ယင်းနေ့ကတည်းက ထွက်ပြေးခဲ့ကြရပြီး စစ်ကောင်စီတပ်ဆုတ်ခွာသွားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) ရွာသို့ ပြန်ကြစဥ် အိမ်များနှင့်အတူမီးရှို့ခဲ့သောစစ်ကောင်စီရုပ်အလောင်းများကို နေအိမ်အချို့ပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“တစ်အိမ်တည်းမှာ ၁၂လောင်းတောင်တွေ့တာ။ မီးရှိူ့ထားတာ အရိုးတွေကျန်ခဲ့တယ်။ နောက်တစ်အိမ်စီပေါ်မှာ တစ်လောင်းစီနဲ့ အလောင်း၂၀လောက်တွေ့တယ်” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မီးရှို့ခဲ့သဖြင့် အရိုးစုကျန်ခဲ့သောစစ်ကောင်စီတပ်သားရုပ်အလောင်းများကို နေအိမ်များပေါ်တွင်တွေ့ရခြင်းသည် ထိန့်လန့်ဖွယ်ဟုဒေသခံတစ်ဦးကလည်းပြောသည်။
“ရေထဲမျော၊ လွှင့်ပစ်ရမှာ။ ဘာသာတရားအရဆို မနေသင့်၊ မနေရဲတော့တဲ့နေရာဖြစ်နေပါပြီ။ အခုတော့ ဒေသခံတွေဟာ ခြံဝိုင်းတွေထဲ တဲထိုးနေကြရပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ကင်မွန်းခြုံရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖက်မှ ရဲဘော်တစ်ဦး မိုင်းထိဒဏ်ရာရခဲ့သည်။ အထိနာသွားသည့်စစ်ကောင်စီတပ်သည်ကင်မွန်းခြုံရွာမှ နေအိမ် ၂၀ခန့်ကို မီးရှို့ဖျက်ဆီးသွား၍ ဒေသခံများသည် နေရေးစားရေး အခက်အခဲ ကြုံတွေ့နေသည်။ဒေသခံပြည်သူများ၏ နေအိမ်များကိုမီးရှို့ဖျက်ဆီးစဥ် တိုက်ပွဲတွင်သေခဲ့သောအကြမ်းဖက်စစ်သားအလောင်းများကိုပါ ပြန်မသယ်ဘဲ အိမ်နှင့်အတူမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း PDFအချို့ကပြောသည်။
