စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုင်းလာရှင်းသည့် အကြမ်းဖက်စစ်ကောင်စီတပ် မိုင်းနင်းမိပြီး ခြောက်ဦးသေဆုံးသွားကြောင်း Brother Of Lands Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်လ၂၄ရက်) နံနက် ၇နာရီခန့်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်း ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းလာရှင်းရာ မဟာမိတ်များထောင်ထားခဲ့သော မိုင်းများနင်းမိပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း Brother Of Lands Defense Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုစစ်ဆင်ရေးအား BLDF၊ BOB၊ Hero Army Khin-U တပ်ဖွဲ့တို့နှင့် မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။
အခင်းဖြစ်နေရာသည် ရေဦး – ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ People’s Spring ကထပ်မံ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဇူလိုင် ၂၂ရက် ညနေပိုင်းက မြင်းဒေါင်းရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ခင်ဦးမြို့နယ်(ပကဖ)အဖွဲ့ကဦးဆောင်၍ KSOအဖွဲ့အပါအဝင် မဟာမိတ်ဒေသခံကာကွယ်ရေး အဖွဲ့များက နင်းမိုင်း၊တိုက်မိုင်း၊ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၈ ဦး သေဆုံးကြောင်း KURDAFက ထုတ်ပြန်ထားသည်။
