ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ရဲဘော်လင်းယုန်မှာ ယခုထိသတင်းမကြားရသေးကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့ Rangers of Mandalay – ROMက ယနေ့(ဇူလိုင် ၂၂)အသိပေးထုတ်ပြန်သည်။
“အဖွဲ့နဲ့ တွဲမိရင် ဖမ်းဆီးခံရတဲ့ ရဲဘော်အတွက်အခြေ အနေပိုဆိုးနိုင်လို့ အခုမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်”လို့ ROM က ဖော်ပြသည်။
ရဲဘော်လင်းယုန်၏ သတင်းကို ယခုထိမကြားရသေးသလို မန္တလေးမြို့တွင် ဖမ်းဆီးခံရသော မြို့ပြပြောက် ကျားအဖွဲ့များမှာ စစ်ကြောရေးတွင် အချိန်ကြာမြင့်စွာနှိပ်စက်ခံနေရပြီး ထောင်သို့မရောက်ဘဲ သတင်းဖျောက်ခံနေရသည်ဟု ဆိုသည်။
ထို့အပြင် မန္တလေးမြို့တွင် CCTV version အသစ်များတပ်ဆင်ထားပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ခက်ခက်ခဲဲခဲလှုပ်ရှားနေရသော အခြေအနေဖြစ်ကြောင်း အသိပေးထားသည်။
Rangers Of Mandalay – ROM ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် စစ်ရေးလှုပ်ရှားမှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ဇွန် ၁၅ ရက်တွင် မန္တလေးနန်းတွင်း၌အထိုင်ချထားသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ပေါက်အား ဝင်ရောက်ပစ်ခတ်ခဲ့မှုလည်း ပါဝင်သည်။
