NUGမှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန် တောင်းဆို
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကမ္ဘောဒီးယားသံရုံးရှေ့တွင် ယနေ့ (ဇွန်လ ၂၅) နံနက်ပိုင်း၌ တောင်ကိုရီးယားအခြေစိုက် NUG အစိုးရ ထောက်ကူရေးအင်အားစုများဦးဆောင်၍ ပြည်ပရောက်မြန်မာနိုင်ငံသားများက ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများက ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေး၌ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီမှတဆင့် အကူအညီပေးရေး ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရေး၊ စစ်ကောင်စီအလိုကျ လိုက်လျောခြင်းများ ပြုလုပ်နေမှုများကို ရပ်တန့်ပေးရေး၊ NUG မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရေး တောင်းဆိုခဲ့သည်။


ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း မြန်မာပြည်သူများဘက်က ရပ်တည်ကာ အကူအညီပေးရန် တိုက်တွန်းခဲ့သည်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာ၊ကိုးရီးယား၊အင်္ဂလိပ် ဘာသာ ၃မျိုးဖြင့် ရေးသားထားသည့် တောင်းဆိုစာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြသူများ၏ တောင်းဆိုစာကို ကမ္ဘောဒီးယား သံရုံးစာတိုက်ပုံးထဲသို့ ထည့်ခဲ့ကြကြောင်း သိရသည်။
