ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို လမ်းဘေးနှင့် လူနေအိမ်များအတွင်းပစ်ထားခဲ့၍ အလောင်းများကို သဂြိုလ်ပေးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ် (CDF) က ထုတ်ပြန်သည်။
မတူပီ လိုင်လင်းပီမြို့မှ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မတူပီ CDFက ဇူလိုင် ၆ ရက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။




မတူပီ CDF၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ရှိသကဲ့သို့ စစ်ကောင်စီစစ်ကြောင်းမှ ရဲဘော် အချင်းချင်းသတ်ဖြတ်ခဲ့မှုဖြစ်စဥ် နှစ်ကြိမ်ရှိခဲ့သည်ဟုဆိုသည်။
လိုင်လင်းပီ နှင့် အာရူရွာကြားတွင် စစ်ကောင်စီတပ်သား အချင်းချင်း နှစ်ဦးသတ်ဖြတ်ခဲ့ပြီး ၊ ရဲန်ခဲန်းရွာနှင့် အမ်လိုင်းရွာကြားတွင် လူနာနှစ်ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်းသိရသည်ဟု မတူပီ CDF က ထုတ်ပြန်သည်။
မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။
