ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA တပ်မဟာ(၅)၊ တပ်ရင်း(၃) နယ်မြေ နန်ဇော်ယန် ဒေသ၌ ဇူလိုင် ၁၀ရက်မှစ၍ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ သည်ဟု ဆိုသည်။
“အဓိကတော့ ကျွန်တော်တို့ KIA တပ်စခန်းချထားတဲ့နေရာဘက်ကို ထိုးဝင်လာလို့ ခုခံတိုက်ပွဲတွေဖြစ်တာပါ။ အခုထက်ထိလည်း တပ်မတော်ဘက်က ပြန်ဆုတ်သွားတဲ့အနေအထားမရှိပါဘူး။ ဆိုတော့ ဒီတိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ ကတော့ ပိုများပါတယ်။ တင်းမာတဲ့အနေ အထားဆက်ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်မှ သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံအချို့ကပြောသော်လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကမူ မှတ်ချက်ပေးခြင်းမရှိပေ။
တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခလရ(၅၈)တပ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး ဇူလိုင် ၁၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်လာကြောင်း KIA သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားသည်။
