▪︎တာမွေဖြစ်စဥ်
တာမွေဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၁၂)နေ့လယ် ၁၁ နာရီခွဲခန့်က ဗညားဒလလမ်းပေါ် အောင်မဂ်လာလမ်းထိပ်နားတွင် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော Yangon Liberation Force (YLF)နှင့် Urban Revolutionary Front (URF)တို့မှ စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ဗုံးထောင်ထားခဲ့သည်ဟု ယင်းအဖွဲ့များက အသိ ပေးသည်။
စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ထောင်ထားသည့်အဆိုပါဗုံးကို အမှိုက်ကောက်သည့်က လေးများကတွေ့သွားပြီးနောက် ရဲကသိရှိသွားကာ ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း YLF က ထုတ်ပြန်သည်။

“အသက် ၂၇ နဲ့ ၃၅ ကြားရှိမယ့် အမှိုက်ကောက်တဲ့ တစ်ယောက်က ကိုင်ကြည့်တယ်။ ဖွင့်ကြည့်တယ်။ ပြီးတော့ စက်ဘီးနဲ့ လူတစ်ယောက်ရောက်လာတယ် ။ အဲဒီလူက သတင်းပေးလို့ယူဆရတယ်။ သူကဖုန်းဆက်ပြီး ခေါ်လိုက်တာ ခွေးတွေကို”ဟု YLF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းနေရာသည် စစ်ကောင်စီတပ်မှယာဥ်များ ရပ်လေ့ရှိသောနေရာတစ်ခုဖြစ်သော်လည်း ယ နေ့တွင် မဆိုင်သူများကလည်း လာရောက်ကြည့်ရှုခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် ဗုံးအားမဖောက်ခွဲဘဲ မစ်ရှင်ဖျက်သိမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မဖောက်ခွဲဘဲ ထားခဲ့သောဗုံးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
“ပထမတစ်လုံးက သဲအိတ်တွေနဲ့ ဖုံးပြီးဖောက်တာ။ နောက်တစ်လုံးကျ အမှိုက်ပုံးထဲတင် ဖောက်လိုက်တာဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
▪︎လှိုင်သာယာဖြစ်စဥ်
လှိုင်သာယာဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၁၂)နေ့ လယ် ၂ နာရီခန့်က (၅)ထိပ်မှတ်တိုင်အနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦး အသေးစားဒဏ်ရာရသွားကြောင်း ယင်းနေရာအနီးတွင် နေသူတစ်ဦးကပြောသည်။

“(၅)ထိပ်မှတ်တိုင်ပေါက်ကွဲမှုက သံသယဖြစ်စရာပဲ။ အဲ့ဒီနားမှာ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ စျေးသည်တွေပဲ ရှိတာ”ဟု ၎င်းကဆက်ပြောသည်။
PDF နှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့တို့သည်ပြည်သူကိုမထိခိုက်ရန်နှင့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန်သာအာရုံစိုက်ပြီး စစ်ကောင်စီတပ်မရှိဘဲ ပြည်သူရှိသောနေရာတွင် ဗုံးဖောက်ခွဲမှုမှာ စစ်ကောင်စီ နှင့် ၎င်းလက်အောက်ခံများပြုလုပ်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။
▪︎စမ်းချောင်းဖြစ်စဥ်
စမ်းချောင်းဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၁၂)ညနေ ၃ နာရီခန့်က မြေနီကုန်းလမ်းဆုံ၊ ဗားကရာလမ်း ဒဂုံစင်နာမျက်နှာချင်းဆိုင်ပန်းခြံဘက် အခြမ်းတွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြော သည်။
“အုန်း အုန်းဆိုပြီး အသံနှစ်သံကြားရတယ်ဗျ။ ကျွန်တော်တို့ကားလည်း အဲနားအရောက်၊ လမ်းကလည်း ကြပ်တယ်လေ။ ရောက်ယုံရှိသေးအုန်းတာပဲ”ဟု မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားချိန် လမ်းဆုံ(လမ်းလယ်)ဘန်ကာအတွင်းရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းမှာ ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ လှမ်းကြည့်ယုံသာကြည့်နေပြီး ပုံမှန်အနေအထားဖြင့်တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့(စစ်ကောင်စီတပ်သားများ)က ဘန်ကာထဲမှာ။ နှစ်ယောက်တော့မြင်တယ်။ သူတို့က (လမ်း)အလယ်မှာ။ ပေါက်ကွဲတဲ့နေရာနဲ့ လမ်းရဲ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်းသဘောမျိုးပေါ့။ လမ်းတစ်လမ်းစာလောက်ဝေးတယ်”ဟုအထက်ပါမျက်မြင်တွေ့ရှိသူက ရှင်းပြသည်။
ကနဦးသတင်းများအရ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးလဲကျသွားသည်ဟု သိရှိရသော်လည်း နောက်ဆက်တွဲရရှိသော အချက် အလက်များအရ ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ ဝါဆိုလပြည့်နေ့တွင် အများပြည်သူများ ဘုရားသွားခြင်း၊ မိသားစုလိုက်လည်ပတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်အောင် ဗုံးပေါက်ကွဲမှုလုပ်ဆောင်ခြင်းမှာ အကြမ်းဖက် စစ်ကောင်စီဝင်များသာ ဖြစ်နိုင်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
