စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့ညနေပိုင်းကစစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ ဆယ်မိနစ်ခန့်တိုက်ပွဲဖြစ်ပွားရာစစ်သား နှစ်ဦးသေဆုံးကြောင်း YEU URBAN GUERRILLA ( YUG)အဖွဲ့ကသတင်းထုတ်ပြန်သည်။
ယနေ့(ဇူလိုင်လ ၁၂ရက်) ညနေ ၃ နာရီခွဲခန့်ကရေဦးမြို့နယ်၊ မင်းမောင်းကုန်းကျေးရွာအနီး၌ အင်အား၁၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းYUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်ပွားချိန် ဆယ်မိနစ်ခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။သို့သော်စစ်ကောင်စီတပ်သေဆုံးထိ့ခိုက်မှုကို People’s Springကသီးခြားအတည်မပြုနိုင်သေးပါ။
အဆိုပါစစ်ဆင်ရေးအား Special Attacking Force (Upper Burma)၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့၊ရေဦးမြို့ပြပြောက်ကျားYEU URBAN GUERRILLA( YUG)အဖွဲ့၊တန့်ဆည်ရွှေဘိုတပ်ရင်း(၁၀)နှင့် ညီနောင်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ YEU URBAN GUERRILLA ( YUG)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
တိုက်ပွဲကြောင့် အထိနာနေသော အကြမ်းဖက်စစ်တပ်သည် ယနေ့ညနေ ၅ နာရီခွဲခန့်တွင်မင်းမောင်းကုံးရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသတွင်း Kaduma Platform စာမျက်နှာက ဖော်ပြသည်။
ဇူလိုင်လ၈ရက် နံနက်ပိုင်းက ရေဦးမြို့နယ်၊ စည်သာမြေရှိ ပကဖစခန်းငယ်တစ်ခုကို စကစမှစစ်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊သယ်ပို့ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။လက်လုပ်ကိုးလုံးသေနတ်၊ ဆိုင်ကယ်၊သယ်ပို့ကား၊ မိုင်း နှင့် ဆက်စပ်ပစ္စည်းအချို့သိမ်းဆည်းခံခဲ့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် ကူဖြူရွာအနီး၌ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ ငါးဦးခန့် သေဆုံးခဲ့ကြောင်း ရေဦး ပကဖ၏ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။
