စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင် ပြည်ပမှကားပစ္စည်းတင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်နေသော Suzuki နှင့် Hyundai ကားကုမ္ပဏီနှစ်ခုရပ်ဆိုင်းသွားပြီဖြစ်သည်။
ဂျပန်ကားကုမ္ပဏီ Suzuki သည် ပြည်ပမှကားပစ္စည်းများကိုဒေါ်လာဖြင့်ဝယ်ယူရန် စစ်ကောင်စီ၏ နိုင်ငံခြားငွေကန့်သတ်ထားသောမူဝါဒကြောင့် အခက်တွေ့ပြီးကားတပ်ဆင်ထုတ်လုပ်မှု ရပ်ဆိုင်းရခြင်းဖြစ်သလို ၊ကိုရီးယားကားကုမ္ပဏီ Hyundai ကိုလည်း စစ်ကောင်စီဘက်က ထုတ်လုပ်ခွင့်ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီများဘက်ကအတည်ပြုထုတ်ပြန်ထားသည်။ သို့သော်ကားထုတ်လုပ်မှုမှာ ယာယီရက်ဆိုင်းခြင်းလား ၊ကာလရှည်ရပ်ဆိုင်းခြင်းလား ဆိုသည်ကိုမူ ကုမ္ပဏီများက ထုတ်ပြန်ခြင်းမရှိသေးပေ။
ဂျပန် Suzukiကုမ္ပဏီကဇူလိုင် ၁ ရက်မှစ၍ကားတပ်ဆင်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းကုမ္ပဏီဘက်က အတည်ပြုထားသည်။ ထိုကားကုမ္ပဏီ နှစ်ခုလုံးကပြည်တွင်းမှာ (Semi Knocked Down-SKD)ကားပစ္စည်းများတင်သွင်း၍ တက်ဆင်ထုတ်လုပ်သောစနစ်ဖြင့် ပြည်တွင်းမှာ ကားတပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်သည်။ပြည်ပမှအဓိကတင်သွင်းရောင်းချကြသောတစ်ပါတ်ရစ်ကားနှင့်ဈေးသိပ်မကွာသလို ၊ ၀ ကီလို ကားအသစ်စီးရခြင်း၊ ဒီဇိုင်းလှခြင်း၊အရစ်ကျငွေချေစနစ်တို့ဖြင့်ဝယ်ရခြင်းစသည်တို့ကြောင့် Suzuki နှင့် Hyundai ထုတ်ကားမော်ဒယ်လ်အချို့မှာ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူသူများခဲ့သည်။

သို့သော် ယခုအခါကားထုတ်လုပ်မှုရပ်ဆိုင်းခြင်းကြောင့် ပြည်တွင်းကားဈေးကွက်တွင် SKD ကားများ တရှိန်ထိုး ဈေးမြှင့်တက်သွားခဲ့သည်ဟု ကားဝယ်အရောင်းအဝယ်သမားကပြောသည်။
“ဒီကားစက်ရုံတွေ ပိတ်တာကို ကြိုတင်သတင်းရတဲ့သူက ကားတွေကိုလိုက်ဝယ်ထားတယ်။ အခုတော့ ကားဈေးက ၂၀၁၀ခုနှစ် ရှေ့ပိုင်းကလို မတန်တဆဈေးတွေဖြစ်ကုန်ပြီ”ဟု ကားအရောင်းအဝယ်သမားတစ်ဦးက ပြောသည်။
Suzuki ကားကုမ္ပဏီကမြန်မာနိုင်ငံကို ၂၀၁၅ခုနှစ်တွင် ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ်တွင် ကားထုတ်လုပ်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကားစက်ရုံများ ရပ်နားသည့် သတင်းကြောင့်ပုံမှန်ကျပ် သိန်း ၄၀၀ ကျော်ရှိသည့် Ertiga အမျိုးအစားကားများသည် ကျပ် သိန်း ၆၀၀ အထက်သို့ရောက်ရှိသွားသည်ဟု ကားအရောင်းအဝယ်သမားထံမှသိရသည်။Hyundai ကထုတ်လုပ်သော Accent ကားမှာလည်းသိန်းတစ်ရာ ဝန်းကျင်ဈေးတက်သွားကြောင်းကားဝယ်ရောင်းများကပြောသည်။
Suzukiက မြန်မာနိုင်ငံတွင် Ertiga, Ciaz, Swift နှင့် Carry Light Truckအမျိုးအစားများကို ထုတ်လုပ်နေပြီး အရောင်းပြခန်း ၆၀ခန့်ဖွင့်လှစ်ပြီးရောင်းချနေခြင်းဖြစ်သည်။
ကိုရီးယား Hyundaiကား ကုမ္ပဏီကမြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်တွင်စတင်ဝင်ရောက်ခဲ့ပြီးပြည်တွင်းဈေးကွက်အတွက် Accent ၊ Sonata ၊ Reina ၊ Creta ၊ Tuscon စသည့် ကားအမျိုးအစားကို ထုတ်လုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဒေါ်လာလိုအပ်ချက်ကြောင့် ပြည်ပမှဒေါ်လာဖြင့်ဝယ်ယူရသော သွင်းကုန်နှင့်ဝန်ဆောင်မှုများကို ပုံစံမျိုးစုံဖြင့်ကန့်သတ်နေသလို ယခု ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်မှုများကိုရပ်နားစေသည်နှင့်တပြိုင်နက်မှောင်ခိုတင်သွင်းခွင့်ပြုထားသောကားများကို ဖမ်းဆီးရမိသော Without ကားခေါင်းစဥ်ဖြင့် လေလံတင်ရောင်းချ၍ ငွေရရန်စီစဥ်နေပြီဖြစ်ကြောင်း ကားဝယ်ရောင်သားများကပြောသည်။
