စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း Freedom Revolution Force (FRF) အဖွဲ့က အသိပေးသည်။
ယမန်နေ့(ဇူလိုင် ၇ ရက်) ညနေ ၆နာရီခွဲက ဒီပဲယင်းမြို့နှင့် နှစ်မိုင်ခန့်အကွာ မဲသည်ရွာနှင့် ဝဘာကျေးရွာအနီးစစ်ကောင်စီတပ်သား ၄၀ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အဆိုပါတိုက်ခိုက်မှုအား FRF ရွှေဘိုခရိုင် တပ်ရင်း (၂၄)၊ တပ်ရင်း – ၁၂၊ Galaxy Force ဒီပဲယင်း(ပကဖ)၊ DRPA၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် Local PDF များ အစရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ FRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
သို့သော် ဒီပဲယင်းနယ်ခံတစ်ဦးက “သေတဲ့အလောင်းတွေကို ဘောလုံးကွင်းထိပ်မှာညပိုင်းအထိ ချထားတယ်။ လာမခေါ်သေးဘူးလို့သိရပြီး အထမ်းတွေနဲ့ ခေါ်သွားတာတွေလည်း တော်တော်များတယ်လို့သိရပါတယ်”ဟု ပြော သည်။
စစ်ကောင်စီတပ်သည် ယနေ့ (ဇူလိုင်၈ရက်)နံနက်ပိုင်းတွင် ပျံကျကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
