စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသည့်နေရာများအား PDF ပူးပေါင်းတပ်များတိုက်ခိုက်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း ကျားသစ်နက်ပြောက်ကျားတပ်က ယနေ့(ဇူလိုင် ၅) ထုတ်ပြန်သည်။
ယမန်နေ့ည ၇ နာရီခန့်တွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ နေရာအနှံ့အပြားကို ပုလဲတပ်ရင်း(၄ ) ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့ ၊ ပုလဲတပ်ရင်း (၅ ) ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့တို့နှင့်အတူ မဟာမိတ် တပ်ပေါင်းစုတွင်ပါဝင်သော မြိုင်မြို့နယ်မှ local PDF များ ၊ ပုလဲမြို့နယ်ဒေသခံ local PDFများ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထိုတိုက်ခိုက်မှုကြောင့် ဗိုလ်အောင်ဒင် သီချင်းကို song box ဖြင့်ဖွင့်ကာ မြို့ပေါ်တွင်လှည့်လည် မိုက်ကြေးခွဲနေသော စစ်ကောင်စီတပ်လှည့်ကင်း(ဗိုလ်အောင်ဒင်အဖွဲ့)မှ တစ်ဦးသေဆုံးသွားသည်ဟု ဆိုသည်။
“မြို့ပေါ်ကိုလှည့်ပြီး ဗိုလ်အောင်ဒင်သီချင်းဖွင့်ပြီး ပြည်သူကိုစိန်ခေါ်တဲ့အဖွဲ့ကို (ဗိုလ်အောင်ဒင်အဖွဲ့)ပြောတာဗျ။ မြို့ပေါ်က စကစအထိုင်ချထားတဲ့ နေရာတော်တော်များများတိုက်ခိုက်ခဲ့တာ”ဟု ကျားသစ်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ဇူလိုင် ၂ ရက်ကလည်း ပုလဲနယ် ကံကြီးရွာသို့ဝင်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးပြီး အရာရှိတစ်ဦးလည်းပါဝင်ကြောင်း ကျားသစ်က အသိပေးသည်။
“ယမန်နေ့ကလဲ ၂ ရက်နေ့ ဖြစ်စဉ်တွင် သေဆုံးခဲ့သော အကောင်ကြီးကြီး အလောင်းကို ရ ဟတ်ယာဉ်(၂) စင်းဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဖရဲသီးထံမှ သိရှိရပါသည်”ဟု ထုတ်ပြန်သည်။
အထက်ပါ ပုလဲမြို့ပေါ်တိုက်ခိုက်မှုတွင် နာရီဝက်ကြာပစ်ခတ်ခဲ့ပြီး တပ်ပေါင်းစုများ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ကြောင်း အသိပေးထားသည်။
