အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးအပေါ် ချမှတ်ထားသော သေဒဏ်ပြစ်ဒဏ်ကို အိမ်နီးချင်းအိန္ဒိယအစိုးရက တားမြစ်ရန် ဥရောပရောက်မြန်မာ့အရေးလှုပ်ရှားသူ ၁၇ ဖွဲ့ က တောင်းဆိုသည်။
ဥရောပရှိ မြန်မာနိုင်ငံရေးအတွက် သွေးစည်းညီညွတ်စွာလှုပ်ရှားနေသောအဖွဲ့ ၁၇ ဖွဲ့က ၎င်းတို့နိုင်ငံများတွင်ရှိနေသော အိန္ဒိယသံရုံးများသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ထားပြီး မြန်မာစစ်အာဏာရှင်များ၏ နိုင်ငံရေးအကျဉ်းသား လေးဦးကို တရားမျှတစွာ စီရင်ခြင်းမရှိဘဲ ကွပ်မျက်ရန် ရည်ရွယ်ထားကြောင်းကြေညာချက်ကို ပေါ်ပေါ်ထင်ထင်ရှုတ်ချရန်တိုက်တွန်းထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို စွမ်းနိုင်သမျှတားပေးရန် သံအမတ်ကြီးများက အိန္ဒိယအစိုးရအားတောင်းဆိုပေးကြရန် တိုက်တွန်းထားခြင်းလည်းဖြစ်သည်။
ထို့အပြင် အိတ်ဖွင့်ပေးစာကို ချက်သမ္မတနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Hemant H. Kotalwa နှင့် ဂျပန်သံအမတ်ကြီး H.E. Suzuki Hideo နှင့် ထောက်ခံမှုရရှိထားသောအဖွဲ့အစည်းများသို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ် ၄ ဦးအပေါ် ချမှတ်ထားသော သေဒဏ်ပြစ်ဒဏ်ကို ဇွန်လဆန်းတွင် ထပ်မံအတည်ပြုခဲ့သည်။
ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။
