မြန်မာစစ်ကောင်စီနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများကိုပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုများ ပြုလုပ်ခြင်းအပါအဝင် ဩစတြေးလျ၏ မြန်မာ့အရေးဖြေရှင်းပုံကို ပြောင်းလဲရန် အရပ်ဘက်အဖွဲ့ အစည်း ၆၈၈ ခုက တောင်းဆိုလိုက်သည်။
Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၆၈၈ ခုက ဩစတြေးလျနိုင်ငံခြား ရေးဝန်ကြီး Penny Wong ထံ တိုက်တွန်းအကြံပြုချက်များအိတ်ဖွင့်ပေးစာ၌ ထည့်သွင်းတောင်း ဆိုခြင်းဖြစ်သည်။

ဩစတြေးလျသည် မြန်မာ့တရားဝင်အစိုးရ NUG ၊ အမြင့်ဆုံးအတိုင်ပင်ခံကောင်စီ NUCC တို့ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့ရေး၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိ ရေး ICJ အမှုကို အပြည့်အ၀အကူအညီပေးရေး၊ စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက် ပိတ်ဆို့ရေး ကုလလုံခြုံရေးကောင်စီကိုတိုက်တွန်းရေးနှင့် မြန်မာ့နိုင်ငံအခြေအနေကို ICC ကို လွှဲ ပြောင်းရေး အချက်များကို အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။
ထို့အပြင်အစည်းအဝေးများ၊အစီအစဉ်များနှင့်စစ်ရေးလေ့ကျင့်မှုအားလုံးမှ စစ်ကောင်စီကို ဖယ်ထုတ်ထားရန်နှင့် NUG ၊ NUCC တို့ကို ပါဝင်တက်ရောက်ခွင့်ပေးရန်တို့ကို အာဆီယံအားအရပ်ဘက်အဖွဲ့အစည်းများကတောင်းဆိုသည်။
အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများသည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong မလေးရှားသို့အလည်အပတ်ရောက်ရှိနေစဉ် ယင်းသို့ အိတ်ဖွင့်ပေးစာပေးပို့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ ဇွန် ၂၈ ရက်ကတွေ့ဆုံစဉ် ဆိုးရွားနေသည့်မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း ထည့်သွင်းဆွေးဆွေးခဲ့သည်။
စစ်အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိဩစတြေးလျသည် အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်ခြင်းမရှိသေးပေ။
