စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အလွန်များပြားခဲ့ကြောင်းကို တိုက်ပွဲ၌ ပါဝင်ခဲ့သည့် ကရင်အမျိုးသာအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များဖြင့် ဖွဲ့ထားသော ကော်ဘရာစစ်ကြောင်းမှူး နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်မှူးတို့က သက်သေများနှင့်အတူ ထုတ်ဖော်ပြသခဲ့သလို၊ယနေ့ကော်ဘရာစစ်ကြောင်းကထုတ်ပြန်သော စစ်သားရုပ်အလောင်းများရုပ်သံမှတ်တမ်းတွင်လည်းတွေ့ရသည်။
ကရင်ပြည်နယ် ၊မြဝတီမြို့နယ်၊ဝေါလေရှိဥကရစ်ထတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ဇွန် ၃၀ ရက်ကတစ်နာရီပင်မတိုက်ရကြောင်း KNDOတပ်မှူး ဗိုလ်အယ်စေးဝါးက ဇွန်လ ၃၀ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ၊ ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ပြသကာ ပြောကြားခဲ့သည်။
“မင်းအောင်လှိုင်က မင်းတို့ကို လာပြီးတော့ ငရဲမီးအိုးထဲမှာထည့်ပေးလိုက်သလိုပဲ” ဟု KNDO တပ်မှူး ဗိုလ်အယ်စေးဝါးကပြောဆိုခဲ့သည်။
စစ်ကူလာသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာ အနီးရှိ တံတားနှင့်လမ်းပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ကို ဗိုလ်အယ်စေးဝါးက ပြသခဲ့ပြီးစစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ကြီး လက်နက်ငယ်၊ ကျည်အများအပြား၊ ဗုံးသီးနှင့် ခဲယမ်းများ၊ ဒရုန်းပစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကိုလည်း ပြသခဲ့သည်။

အလားတူ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဖမ်းမိထားသည့် စစ်ကောင်စီတပ်ကြပ်ကြီး တစ်ဦးကို စစ်မေးနေသည့် ရုပ်သံဖိုင်တွင်လည်း ဇွန်လ ၂၆ရက်တွင် ဝေါ်လေဗျူဟာမှ ဥကရစ်ထသို့ လက်နက်ခဲယမ်း လာပို့သည့် အင်အား ၆၆ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ရာနေရာ၌ သေဆုံးသူ ၂၀ကျော်ရှိကြောင်းတပ်ကြပ်ကြီးကဝန်ခံထွက်ဆိုထားသည်။
တိုက်ပွဲ၌ သေဆုံးထိခိုက်များ၍ တပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူး နှင့် တပ်ခွဲမှူးဖြစ်သူ ဗိုလ်ကြီးတို့ အပါအဝင် စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ပြီး ဗိုလ်ကြီးတစ်ဦး သည်လည်း သေဆုံးသည့်အထဲ၌ ပါဝင်ခဲ့ကြောင်း အဆိုပါ တပ်ကြပ်ကြီးက ၎င်းတို့ စစ်ကြောင်း ပျက်သွားသည့် အခြေအနေကို ထွက်ဆိုခဲ့သည်။
“အကုန်လုံးပျက်သွားတယ် သေတဲ့သူကသေ။ ဖွဲ့စည်းပုံပျက်သွားတယ်။ ကျွန်တော်က ထွက်ပြေးလာတယ်” ဟုတပ်ကြပ်ကြီးက ပြောသည်။
ကော်ဘရာ စစ်ကြောင်းမှူးက “အဲဒီအချိန်မှာ မင်းတပ်ရင်းမှူးကရော”ဟုမေးမြန်းရာ တပ်ကြပ်ကြီးက “သူကအရင်ဦးဆုံးပြေးသွားတာ။ သူပြေးသွားတော့ ကျွန်တော်တို့ လိုက်ပြေးတာ” ဟုဖြေကြားသည်။

ဥကရစ်ထ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သော်လည်း စစ်ကောင်စီ ကမူ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများပြီး ၎င်းတို့ အောင်မြင်မှု ရသယောင်လိမ်ညာဝါဒဖြန့်လျက်ရှိသည်။
ထိုသို့ ဝါဒဖြန့်နေခြင်းကြောင့် ကော်ဘရာစစ်ကြောင်းကစစ်ကောင်စီတပ်များ အစုလိုက် သေဆုံးနေသည့် မှတ်တမ်းရုပ်သံဖိုင်ကိုလည်းယနေ့နေ့ခင်းပိုင်းတွင်ထုတ်ပြန်ပြသခဲ့သည်။
အဆိုပါရုပ်သံဖိူင်တွင် ဥကရစ်ထစခန်း အနီးရှိကတုတ်ကျင်းတွင်စစ်သားများအစုလိုက်အပြုံလိုက်သေဆုံးနေမှု ၊ ဘုရားတစ်ဆူအနီး စစ်သားများသေဆုံးနေမှု ၊ ကားလမ်းမပေါ်တွင်သေဆုံးနေမှု စသဖြင့် စစ်သားရုပ်အလောင်းများ ကို ဒရုန်းမှရိုက်ကူးထားသောရုပ်သံဖိုင်တွင်တွေ့ရသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးဒဏ်ရာရမှုများရှိသော်လည်း အရေအတွက်မများဘဲ စစ်ကောင်စီတပ်သေဆုံးမှုမှာ ၁၅၀ မှ ၂၀၀ အတွင်းရှိနိုင်ကြောင်းရှေ့တန်းတွင်တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
