စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရဟတ်ယာဥ်များဖြင့်ပစ်ခတ်နေ၍ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ယနေ့ (ဇူလိုင်လ၂ရက်)ညနေ ၄ နာရီဝန်းကျင်ကစတင်ကာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်အကြမ်းဖက်စစ်ကောင်စီတပ်က MI35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ပြည်သူများကျေးရွာအတွင်းမှထွက်ပြေးနေရကြောင်း၊(၁) စီးကကျေးရွာများအပေါ်ပတ်ဝဲပြီးကျန်တစ်စီးကပတ်ပစ်ခဲ့ကြောင်းVoice Of Depeyinကအသိပေးသည်။
“ဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်ကို ရုတ်တရက် လာပစ်သွားတာပါ။ ဒီနေ့က ဆပ်ပြာကျင်းတိုက်ပွဲမှာရဲဘော်တွေ ကျဆုံးခဲ့တာ ၁ နှစ်ပြည့်မို့ လူစုလူဝေးရှိမယ်ထင်တဲ့နေရာ ဝင်ပစ်တာဖြစ်နိုင်တယ်လို့ အကြမ်းဖျင်း ယူဆရပါတယ်။လတ်တ
လောသိရသလောက်ကတော့ ပြည်သူများအထိအခိုက်မရှိဟု သိရပါတယ်။”ဟုဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။
ဆပ်ပြာကျင်းဘုတ်ရွာစသည့်အနောက်ခြမ်း ကျေးရွာများကို ပစ်ခတ်ပြီးနောက် တစ်နာရီနီးပါးအကြာတွင် တိုက်ခိုက်ရေး ရဟတ်ယာဥ်(၂)စီးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဘက်သို့ ပြန်လှည့်သွားကြောင်း ဒေသခံများက ပြောသည်။
“စစ်အင်အား မချခဲ့ဘူးလို့ ထပ်မံသိရပါတယ်။”ဟု Voice Of Depeyinက အသိပေးသည်။
အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅လုံး မီးလောင်ပျက်စီးခဲ့သည်။
ဆပ်ပြာကျင်းကျေးရွာသည် စစ်ကောင်စီအား လက်နက်ကိုင်ခုခံရာတွင် နာမည်ကြီးသည့် ရွာဖြစ်သည်။ ယမန်နှစ်(၂၀၂၁) ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။နွေဦးတော်လှန်
ရေးကာလအစ ယင်းအချိန်က စစ်ကောင်စီ၏လက်နက်အင်အားအသာဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၄၀ဦးသေဆုံးခဲ့ရသည့် ရွာဖြစ်သည်။
ဆပ်ပြာကျင်းရွာအား ၂၀၂၁ ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်ကို ဒေသခံတစ်ဦးက Myanmar Now သတင်းဌာနသို့အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
” မသေသေးဘဲနဲ့ ခြေထောက်ကို ပထမ သေနတ်မှန်တယ်။မပြေးနိုင်မလွှားနိုင် ဖြစ်သွားတဲ့သူကို သူတို့က အလုံးအရင်းနဲ့ဖမ်း၊ ဖမ်းပြီးတော့မှ အဲ့လိုမျိုးလူတွေကို စုပြီးတော့ ခေါင်းမှာချည်းပဲ တေ့ပစ်သွားတာ။ တချို့ဆိုရင် ခေါင်းတွေနောက်စေ့မှာ ပွင့်ထွက်သွားတာတွေတို့ အစုလိုက်အပြုံလိုက် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့မှ ပစ်သွားတာ” ။
သို့သော်ဒီပဲယင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည်စစ်ကောင်စီတပ်ကိုဆက်လက်ခုခံတော်လှန်နေပြီး ယခုအခါ စစ်ကောင်စီအုပ်ချုပ်၍ မရတော့ဘဲစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်များကို ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နေ့စဥ်နေ့တိုင်းပြုလုပ်နေသည်။
