တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၃ မှ ၁၄ ရက်အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားဝင်ခရီးစဉ်သွားရောက် မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိခွင့်ရှိသူက ယနေ့ ကြေညာသည်။
ဝမ်ယိသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး အင်ဒိုနီးရှား၏ ဖိတ်ကြားချက်အရG20 နိုင်ငံခြားရေးဝန်ကြီးများ ကွန်ဖရင့်ကိုတက်ရောက်မည်ဟု တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ယခုတကြိမ်မြန်မာနိုင်ငံခရီးစဉ်သည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်းတရုတ်၏ထိပ်တန်းအစိုးရတာဝန်ရှိတစ်ဦးပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပုဂံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပုဂံ-ညောင်ဦးလေဆိပ်လမ်းမပေါ်ရှိ Heritage Bagan Hotel ၌ တည်းခိုမည်ဟု စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တစ်ခုကပြောသည်။
ဝမ်ယိသည် အဆိုပါအစည်းအဝေးတက်ရောက်ရန် ပုဂံသို့ လာရောက်မည်ဖြစ်သော်လည်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ဖြစ်၊ မဖြစ်ကိုမူ မသိရသေးပေ။
အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
