ဂန့်ဂေါမြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၂၀၀ခန့်သည် ဆန်းမြို့နှင့် မြင်သားရွာဘက်ကို စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း အနောက်ပိုင်းစစ်ဌာနချုပ်ကသတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် မြောက်ခင်ရမ်းရွာမှ ယနေ့ (ဇူလိုင် ၁ ရက်)တွင် စစ်တင်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှ ပြန်ကြားတာဝန်ခံကပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို အသေးစိပ်မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။
အခုရက်ပိုင်းအတွင်း ဂန့်ဂေါဒေသတွင် စစ်ရေးတင်းမာနေ၍ ကလေး- ဂန့်ဂေါလမ်းပိုင်းကို လုံးဝအသုံးမပြုကြရန် နှင့် ဒေသခံကာကွယ်ရေးတပ်များ၏ထုတ်ပြန်ချက်များကို အတိအကျလိုက်နာပေးကုရန် တပ်ရင်း (၇)တပ်မဟာ ၇၀၃ ကမေတ္တာရပ်ခံထားသည်။
