ဒဏ်ရာရစစ်ကောင်စီတပ်သားကို ဆေးကုပေးပြီးကောင်းမွန်စွာ ထိန်းသိမ်းထားဟု NUG ကာကွယ်ရေးအသိပေး
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဇွန်လ၃၀ရက်က ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။
ဗန်းမောက်တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကသာခရိုင် တပ်ရင်း-၂( ဗန်းမောက် PDF + အင်းတော် PDF)၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိခဲ့ပြီးလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း Banmauk Revolution-BRက အသိပေးထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ ဗန်းမောက်မြို့နယ်အတွင်း အင်တာနက်လိုင်း ဖုန်းလိုင်းများ ဖြတ်ခံထားရသည့်ကြားမှ သတင်းများကို ကြိုးစားတင်ဆက်နေပါတယ်ခင်ဗျာ။ခြေသံလုံဖို့ဦးစားပေးထားရတဲ့အတွက် အချို့အချို့သော အချက်အလက်များ၊ ပုံများကို တင်ပြခြင်းမပြုနိုင်သည်ကို နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျာ။မြေပြင်သတင်းအချက်အလက်များအရ မုန့်ဟင်းခါးပွဲရေမှာဒိထက်များပြားပြီး ၃၀ ကျော်ကြောင်းလဲ သိရှိရပါသည်ခင်ဗျာ”ဟု BRကအသိပေးသည်။
ထိုအပြင်တိုက်ပွဲတွင်ဒဏ်ရာရစစ်ကောင်စီတပ်သားများစွာကို သီလရွာတွင်ကားပေါ်သို့ထမ်းတင်နေကြောင်း မျက်မြင်တွေရှိသူများထံမှသိရကြောင်းလည်းထုတ်ပြန်ထားသည်။
