မကွေးတိုင်း၊ ဂန့်ဂေါ – ကလေးလမ်းပိုင်းတွင် စစ်ကောင် စီတပ်များနှင့် နယ်ခံပျူစောထီးများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်စေရန်နှင့် တားမြစ်ထုတ်ကုန်များသယ်ယူခြင်းများမရှိစေရန် စစ်ဆေးနေကြောင်း Phoenix Defence Battalionက ယနေ့(မေ ၇ ရက်)ထုတ်ပြန် သည်။
အဆိုပါ စစ်ဆေးမှုကို ယမန်နေ့ (မေ ၆ရက်)ကစတင်၍ နယ်မြေစိုးမိုးမှုရယူကာ ဂန့်ဂေါမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

“အဓိကတော့ စခတွေတပ်စွဲထားတဲ့ ပျူရွာတွေကို စားနပ်ရိက္ခာလမ်းကြောင်း ပိုဖြတ်တောက်မယ်။ပြီးတော့ ဒီထက်စနစ်ကျအောင် စစ်ဆေးရေးဂိတ်အချို့ပါ ကျွန်တော်တို့ စီစဥ်နေပါတယ်”ဟု Phoenix Defence Battalion တာဝန်ရှိသူက People’s Springသို့ ပြောသည်။
တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ယူတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးဆုံးဖြတ်အရေးယူမည်ဟု အသိပေးသည်။


အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့နှင့်ဆက်နွယ်သည့် ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချခြင်းမပြုကြောင်း ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ်ဆန်းပိုင်းကစ၍ ထုတ်ပြန်ထားသည်။
