▪️ဘုရားကျောင်း သုံးကျောင်းလည်း မီးလောင်ပြာကျခဲ့ရ
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၁၁၇လုံး မီးလောင်ပြာကျခဲ့ရကြောင်း ထန်တလန်စစ်ရှောင်ကော် မတီ Thantlang Placement Affairs Committee -IDPs help( TPAC)က ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေများကို ဇွန်လ ၉ရက်၊ ၁၁ရက်၊ ၁၆ရက်၊ ၂၀ရက်နှင့် ၂၃ရက်များတွင် ထပ်မံမီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။
ယခုဇွန်လအတွင်း မီးရှို့ခဲ့မှုများအပါအဝင် စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ် အိမ်ခြေမီးရှိူ့မှု အကြိမ်ပေါင်း ၃၅ကြိမ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ပေါ်နေအိမ်များကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ မီးရှို့ဖျက်ဆီးမှုများ၊ လူထုများအား ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ထန်တလန် တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့ပေါ်ရှိ နေအိမ်တစ်ထောင်ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
