မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပြေးဝင်ခိုအောင်းသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇွန်လ၂၆ရက်) ညနေ၅နာရီခန့်က မြိုင်မြို့နယ်၊ နယ်သတ်ကျေးရွာအနီးသို့ ခန့်မှန်းအင်အား ၃၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုင်းထိပြီးနောက် အကြမ်းဖက်စစ်သားအချို့ လဲကျသေဆုံးမှုများရှိပြီး ဒဏ်ရာရသူများအား နယ်သတ်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ တွဲခေါ်သယ်ယူသွားသည်ဟု မြိုင်(ပကဖ)အဖွဲ့က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မြိုင်(ပကဖ)အဖွဲ့သည် ဇွန်လ၁၈ရက်ကလည်း ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခါလာဝယ်သော ပျူစောထီး လေးဦးပါ HIJETကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ပျူ သုံးဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
